ကင်ညာတွင် ရဟတ်ယာဉ်တစီးပျက်ကျ၊ ရဟတ်ယာဉ်မှူး အပါအဝင် ၅ ဦး သေဆုံး

ဓာတ်ပုံ - AFP
ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်း တာကန်နာရေကန်အတွင်းရှိ ကျွန်းပေါ်ကနေ ပျံတက်လာတဲ့ ရဟတ်ယာဉ်တစီး ပျက်ကျခဲ့တာကြောင့် အမေရိကန်နိုင်ငံသား ၄ ဦးနဲ့ ကင်ညာ ရဟတ်ယာဉ်မှူးတို့ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက မတ်လ ၄ ရက်နေ့မှာ ပြောပါတယ်။ ရဟတ်ယာဉ်ဟာ မတ်လ ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် သဘာဝဥယျာဉ်အတွင်း ပျက်ကျခဲ့ပြီး လိုက်ပါလာသူအားလုံး သေဆုံးခဲ့တယ်လို့ ကင်ညာအမျိုးသားရဲတပ်ဖွဲ့က တွစ်တာကနေ ဖော်ပြပါတယ်။ တာကန်နာရေကန်အတွင်း ကျွန်းကနေ ရဟတ်ယာဉ်နှစ်စီး ပျံတက်ပြီး ပြည်မကြီးရှိ လိုဘိုလိုစခန်းကို ဦးတည်ပျံသန်းခဲ့တယ်လို့ ကင်ညာ အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ဒီလေယာဉ်ပျက်ကျမှုဟာ ကင်ညာအနောက်ပိုင်းမှာ အပေါ့စားလေယာဉ်တစီး ပျက်ကျပြီး တလမပြည့်မီမှာပဲ ဖြစ်ခဲ့တာပါ။ အပေါ့စားလေယာဉ် ပျက်ကျတုန်းကလည်း အမေရိကန် ၃ ဦး အပါအဝင် လေယာဉ်ပေါ်ပါ ၅ ဦးလုံး သေဆုံးခဲ့ပါတယ်။

More News
Up