Home
မြန်မာသတင်း
မြန်မာပြည်တွင်း Safe Zone ထူထောင်ရန်ကိစ္စ တရုတ်နိုင်ငံ မထောက်ခံ
DVB
·
March 5, 2019
မြန်မာနိုင်ငံတွင်းမှာ Safe Zone  (ဘေးအန္တရာယ် ကင်းရှင်းနယ်မြေ) တခုထူထောင်ဖို့ တရုတ်နိုင်ငံအနေနဲ့ မထောက်ခံတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  မတ်လ ၄ ရက်က ထုတ်ပြန်ပါတယ်။ တရုတ်ဘက်က မြန်မာပြည်တွင်းမှာ Safe Zone ထူထောင်ဖို့ သဘောတူတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာတွေမှာ ထုတ်ပြန်ခဲ့တာဟာ အခြေအမြစ်လုံးဝမရှိတဲ့အကြောင်း၊ ရခိုင် အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ဟာ အမြဲတစေ တိတိကျကျဖြစ်တယ်လို့ လည်း တရုတ်သံရုံးက ပြောပါတယ်။ ဒါ့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး စာချုပ်နဲ့အညီ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုနဲ့ ပြဿနာတွေကို သင့်တော် ပြေလည်အောင်ဖြေရှင်းပြီး ဒီလုပ်ငန်းစဉ် အစောဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့  တရုတ်နိုင်ငံအနေနဲ့ ထောက်ခံအားပေးတယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ် အွန်လိုင်းမီဒီယာတခုဖြစ်တဲ့ Banglanews24.com မှာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်က “China gives consent to safe zone for Rohingyas” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ဖော်ပြခဲ့ပြီး  ဒီသတင်းမှာ ရိုဟင်ဂျာတွေအတွက် Safe Zone တည်ထောင်ဖို့ တရုတ်နိုင်ငံက သဘောတူတယ်လို့ ရေးသားခဲ့တာပါ။ ဒီရေးသားချက်တွေဟာ အခြေအမြစ်မရှိဘဲ လိုရာဆွဲ ရေးသားထားတာသာဖြစ်ပြီး ပကတိ အခြေအနေနဲ့ ကင်းကွာနေတယ်၊ ဒီလို မမှန်မကန်သတင်းဖြန့်တာဟာ နှစ်နိုင်ငံအကြား နားလည်မှု လွဲမှားစေနိုင်သလို နေရပ်စွန့်ခွာသူတွေကိစ္စ နှစ်နိုင်ငံ ညှိနှိုင်းအဖြေရှာနေတဲ့ အပေါ် အထောက်အကူမဖြစ်ဘူးလို့ ဒါကာအခြေစိုက် မြန်မာသံရုံးကလည်း ထုတ်ပြန်ထားပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း Safe Zone ထူထောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က  အဆိုပြုထားတာတွေကို သဘောမတူဘဲ အစဉ်တစိုက် လုံးဝပယ်ချထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024