Monday, May 29, 2023
HomeLead Storyကယားရိုးရာ ငှက်လိုက်ပွဲ

ကယားရိုးရာ ငှက်လိုက်ပွဲ

နှစ်စဉ် နွေဦးရောက်လို့ စပါးတွေသိုလောင်ပြီးချိန်တွေမှာဆိုရင် ကယားလူမျိုးတွေဟာ ကယားတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေကရဲဒါး (ခေါ်) ငှက်လိုက်ပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။

အဆိုပါပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီ နဲ့ မတ်လဆန်းမှာ ကျင်းပလေ့ရှိပြီး တော၊ တောင်ရေမြေမှာရှိကြတဲ့ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ပြည်စောင့်နတ်၊ ရွာစောင့်နတ်တွေကို ငှက်၊ ၀က်၊ ကြက်တို့နဲ့ ပူဇော်ရတဲ့ပွဲဖြစ်တယ်။

ဒီလိုကျင်းပရာမှာလည်း တရွာနဲ့တရွာ ကျင်းပတဲ့ရက် မတူကြပါဘူး။ ရွာပွဲကျင်းပတော့ မယ်ဆိုရင် အရင်ဦးဆုံးရိုးရာ ကြက်ရိုးထိုးပြီးမှ ကျင်းပကြတယ်လို့ ချိကယ်ဒေါကလို့ ခူရွာက လူငယ်ခေါင်းဆောင် ခူးအီရယ်ဆန်းက ပြောပါတယ်။

“ငှက်လိုက်ပွဲဟာဆိုရင် စစချင်းခေါင်ဖတ်ချက်ရတာပေါ့။ ခေါင်ဖတ်ကို ၁၀ လောက်ထား၊ ထားပြီးမှ ရွာမှာဆိုရင် ရွာကို အသိပေးတဲ့ တယောက်ရှိတယ်လေ။ ဆိုတော့ သူက မနက်ဖြန်ကျရင်ကြက်ရိုးသွားထိုးမယ်။ ထိုးပြီးမှ ကြက်ရိုးပေါ် မူတည်တာပေါ့။ မနက်ဖြန်လား၊ တဘက်ခါလားဆိုတာ ကြက်ရိုးပေါ်မှာ ကြည့်ပြီးမှ ငှက်လိုက်ရတယ်။”

ကြက်ရိုးထိုးလို့ရလာတဲ့ အဖြေပေါ်မူတည်ပြီး ရက်ကိုရွေးချယ်ပြီးတဲ့အခါမှာ ငှက်လိုက်ပွဲကို မိန်းမကလေး သက်ကြီးရွယ်အိုကလွဲရင် ရွားလုံးကျွတ် ငှက်လိုက်ပွဲသွားကြရတယ်လို့ ဆိုပါတယ်။

ပွဲကျင်းပတဲ့ ရက်တွေမှာဆိုရင် ရွာတွင်းမှာရှိတဲ့ ရွာသူရွာသားတွေလည်း အပြင်ထွက်ခွင့်မရှိ သလို အပြင်ကနေပြီးတော့လည်း ဧည့်သည်တွေကို ၀င်ခွင့်မပေးပါဘူး။

ဒီလို အ၀င်အထွက်ရှိတယ်ဆိုရင် တောထွက်သွားသူတွေအတွက် အန္တရာယ်ရှိတယ်လို့လည်းလည်း ခူးအီရယ်ဆန်းက ပြောပါတယ်။

“၀င်ထွက်ရင် ထိရောက်စွာ အရေးယူတာပေါ့။ ၀င်ထွက်သွားလာခဲ့လို့ရှိရင် ဒုက္ခရောက် တယ်။ ဘယ်လိုလဲဆိုရင် အရှေ့မှာတောလိုက်ရတဲ့ ယောက်ျားတွေ တအား အန္တရာယ်များတယ်။ ရှေ့က ဖြစ်ခဲ့ဖူးတာလည်းရှိတယ်။ ကြက်ရိုးမှာ တခုခု အမဲစွန်းတွေဖြစ်တယ်ဆိုရင် တခုခုသတိထား ရတယ်။ မဟုတ်ရင် အရှေ့မှာရောက်ရင် အခန့်မသင့်ရင် ခွနဲ့ထိတာတို့၊ သေနတ်နဲ့ ထိတာတို့ ဖြစ်တယ်။”

ဒါ့အပြင် ပွဲတော်ကျင်းပတဲ့ အချိန်ဆိုရင်လူစုပြီး မနက်စောစာမှာ ငှက်တွေကို လိုက်ထွက်ကြတယ်။

အဲ့ဒီနေ့မှာပဲ ရွာအ၀င်လမ်းကို ၀ါးလုံးတွေနဲ့ ကာရံထားပြီး ငှက်လိုက်ပွဲတော် အထိမ်းအမှတ် ကို ညွှန်ပြသလေ့ရှိပါတယ်။

ဝါးလုံးများ ကာရံထားခြင်းမှာ အပြင်လူတွေ၊ ဧည့်သည်တွေ မ၀င်စေဖို့ဖြစ်ပြီး အမျိုးသ မီးတွေက ထမင်းဟင်းချက်ပြုတ်ကာ စောင့်ကြိုရတယ်။

ဒါ့အပြင် ၀က်ကိုသတ်ပြီး အသည်းနဲ့သရက်ရွက် ပြည့်မပြည့်ကြည့်ကာ ရပ်ရွာကောင်းကျိုး နိမိတ်ဖတ်ရပါတယ်။

အမျိုးသမီးတွေ ချက်ပြုတ်တဲ့ နေရာနဲ့မနီးမဝေးမှာ လေးထောင့်ပတ်လည် ရာဇမတ်ကာပြီး နတ်တင်ဖို့ နေရာတခုကို ပြုလုပ်ထားရတယ်။

အဲ့ဒီနေရာမှာ ခြင်းခုနှစ်လုံး ချထားရပြီး ပစ်ခတ်လို့ ရလာတဲ့ ငှက်မတွေကို ခြင်းထဲကို ထည့်ကြရပါတယ်။ ခြင်းမပြည့်ရင် ကြက်တွေကို သတ်ပြီးထည့်ရတယ်။

ငှက်လိုက်ပြန်လာသူတွေကို ခေါင်ရည်နဲ့ ဆီးကြိုကြရပါတယ်။ ငှက်တွေရဲ့  အသားအနည်း ငယ်၊ ခြေသည်းဖျား၊ အတောင်ဖျား၊ အသည်းအနည်းငယ်စီကို ကေကရဲဒါးကို ပူဇော်ပသကြတယ်။

ကျန်အသားကို တုတ်နဲ့ထိုးကာ ညီတူညီမျှဝေငှပေးရတယ်။

အဲ့ဒီနောက် လိပ်ပြာခေါ်ပြီး ရာဇမတ်ကာထားတဲ့ နေရာကို ၀ိုင်းပြီ ယောက်ျားတွေက ကခုန်ကြရပါတယ်။ ပြီးရင် ခေါင်ရည်၊ ထမင်းဟင်းတို့ကို ပျော်ရွှင်စွာ စားသောက်ရင်း ကယားတို့ရဲ့ ရိုးရာဓလေ့ကို ကျင့်ပလေ့ရှိကြပါတယ်။

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular