တက္ကသိုလ်ဝင်စာမေးပွဲနီးလာသဖြင့် နတ်နန်းများတွင် ပွဲပေးသူ ပိုများလာ
DVB
·
March 4, 2019

တက္ကသိုလ်ဝင်စာမေးပွဲ နီးကပ်လာတဲ့အတွက် ဗိုလ်တထောင်ဘုရားမှာရှိတဲ့ နတ်နန်းတွေ မှာ ပွဲပေးသူတွေ အရင်ကထက် ပိုများလာပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ နီးကပ်လာပြီဖြစ်တဲ့အတွက် ဗိုလ်တစ်ထောင်ဘုရားမှာရှိတဲ့ နတ်နန်း ၆ ခုထဲက ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး နတ်နန်းနဲ့ အမတော်မြနန်းနွယ်နတ်နန်းတို့မှာ စာမေးပွဲအတွက် ပွဲပေးသူတွေနဲ့ စည်ကားနေတာပါ။
အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာကောင်းမွန်စွာ ဖြေဆိုနိုင်ဖို့ ပွဲလာပေးသူတွေဟာ အရင်နှစ်ကထက် ပိုများလာတယ်လို့ ဗိုလ်တစ်ထောင်ဂေါပကအဖွဲ့က ပြောပါတယ်။
ဆယ်တန်းကျောင်းသားမိဘတစ်ဦးက ကလေးစာမေးပွဲအောင်မြင်ဖို့အတွက် ဘိုးဘိုးကြီးကို ယုံကြည်လို့ လာရောက်လှူဒါန်းတာလို့ ဆိုပါတယ်။
ဗိုလ်တစ်ထောင်ဘုရားမှာ ကန်တော့ပွဲရောင်းချတဲ့ ဆိုင်ခန်းပေါင်း ၈ ခန်းရှိပြီး ဂေါပက အဖွဲ့က သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေအတိုင်း ရောင်းချရတယ်လို့ သိရပါတယ်။ ကန်တော့ပွဲ အမျိုးအစား ၆ မျိုးရှိပြီး တန်ဖိုးကတော့ ကျပ် သုံးထောင်ကနေ တစ်သောင်းရှစ်ထောင်ဈေး ရှိပါတယ်။
ဆယ်တန်းစာမေးပွဲနီးလာတဲ့အတွက် ပုံမှန်ရာသီတွေနဲ့စာရင် အခုချိန်မှာ ပိုပြီးရောင်းရ တယ်လို့ ကန်တော့ပွဲ အရောင်းဆိုင်တဆိုင်က ဆိုပါတယ်။
ဗိုလ်တစ်ထောင်ဘုရားကို နေ့စဉ်ဘုရားဖူးလာရောက်သူ ၇၀၀၀ ကျော်ရှိပြီး ပြည်ပနိုင်ငံ တွေဖြစ်တဲ့ ထိုင်း၊ တရုတ်နဲ့ ဗီယက်နမ်က ဘုရားဖူးဧည့်သည်တွေလည်း အများဆုံး လာရောက်ကြတယ်လို့ သိရပါတယ်။
နိုင်ငံတ၀န်း တက္ကသိုလ်ဝင်စာမေးပွဲတွေကို လာမယ့် မတ် ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပမှာပါ။
စုစု