မြန်မာရုပ်ရှင်တွင် LGBT များကို လှောင်ပြောင်မှု ရပ်တန့်ပေးရန် တောင်းဆို
သူသူအောင်
·
March 4, 2019
မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်လမ်းတွေမှာ LGBTတွေကို လှောင်ပြောင် သရုပ်ဆောင် နေတာတွေကို ရပ်တန့်ပေးဖို့ LGBT အခွင့်အရေး လှုပ်ရှားသူတွေ စုပေါင်းပြီး ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်တဲ့ ဝက်ဝက်ကွဲအောင်ပွင့် ဇာတ်ကားနဲ့ တာတူး ဇာတ်ကားရိုက်ကူးရာမှ အနုပညာသမားတွေအနေနဲ့ မိန်းမလျှာဇာတ်ရုပ်တွေ သရုပ်ဆောင်ထားတာဟာ ပြည်သူတွေ အတုယူမှားစရာတွေ ဖြစ်နိုင်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
အခုလို ရုပ်ရှင်ဗီဒီယို ရိုက်ကူးသူတွေအနေနဲ့ LGBTတွေအပေါ် လှောင်ပြောင် ပြက်ရယ် ပြုတာတွေ ရပ်တန့်ပေးဖို့နဲ့ တာဝန်ယူမှုတာဝန်ခံမှုတွေရှိကြဖို့ ရည်ရွယ်ပြီး ကြေညာချက်ထုတ် ပြန်တာလို့ မိတ်ကပ်ပညာရှင် မေဦးက မနေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုလို ရုပ်ရှင်ဇာတ်ကားတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ LGBT အသိုင်းအဝိုင်း ကြားမှာလည်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဟာသဇာတ်ကားတွေ ရိုက်ကူးရာမှာ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ တင်ဆက်ပုံကောင်းဖို့လိုတယ်လို့ မိတ်ကပ်ပညာရှင် မေဦးမောင်က ပြောပါတယ်။
အခုလို မိန်းမလျှာဇာတ်ရုပ်တွေ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲပေးဖို့ LGBTအသိုင်းဝိုင်းတွေက တောင်းဆိုတာတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။
LGBTတွေကို အသုံးချခံလူသားတွေအဖြစ် ခွဲခြားဆက်ခံနေရတာကို အများပြည်သူတွေ သိရှိနိုင်အောင် သတင်းစာရှင်းလင်းပွဲပြုလုပ်တာဖြစ်ပြီး ရုပ်ရှင်ဆင်ဆာအဖွဲ့ကိုလည်း LGBT အဖွဲ့အစည်းတွေအနေနဲ့ အကြံပြုချက်တွေ တင်ပြတောင်းဆိုသွားမယ်လို့လည်း ပြောပါတယ်။