DVB Logo
Home
မြန်မာသတင်း
အက်ဖ်အမ်လိုင်း ၂ ခု ဂီတအစည်းအရုံးကို သိန်း ၂၀၀၀ အကြွေးပေးချေ
DVB
·
October 5, 2012
အက်ဖ်အမ်လိုင်း ၂ ခု ဂီတအစည်းအရုံးကို သိန်း ၂၀၀၀ အကြွေးပေးချေ
Donate to DVB

ဂီတအစည်းအရုံးကို ပြည်တွင်းက အက်ဖ်အမ် ရေဒီယိုလိုင်းနှစ်လိုင်းက သီချင်းသုံးစွဲမှု အပေါ် ပေးချေဖို့ကျန်ရှိတဲ့ အနုပညာကြေး သိန်းနှစ်ထောင်ကို ဒီလဆန်းပိုင်းက ပေးသွင်း လိုက်ပြီဖြစ်ပါတယ်။

မန္တလေးအက်ဖ်အမ်နဲ့ ပဉ္စ၀တီအက်ဖ်အမ်လိုင်းနှစ်ခုက ဂီတအစည်းအရုံးကို ပေးစရာရှိတဲ့ အကြွေး သိန်းနှစ်ထောင် နီးပါးကို ပေးသွင်းလိုက်သလို ပြီးခဲ့တဲ့လကုန်ပိုင်းအထိ သုံးစွဲခဲ့တာတွေကိုလည်း ပေးသွင်းတယ်လို့ ဂီတအစည်းအရုံးအတွင်းရေးမှူး အဆိုတော် ဖြူဖြူကျော်သိန်း က ပြောပါတယ်။

ဒီလ ၁ ရက်နေ့မှာ ဂီတအစည်းအရုံးက ရဖို့ကျန်ရှိနေတဲ့ ကျပ်ငွေသိန်း နှစ်ထောင်နီးပါးကို အက်ဖ်အမ်လိုင်းတခုက မပေးသေးဘူးလို့ မီဒီယာကို ထုတ်ဖော်ပြောဆိုပြီး နောက်တရက်မှာ အဲဒီငွေတွေကို လာရောက်ပေးအပ်တာ ဖြစ်ပါတယ်။

မီဒီယာကနေ အသိပေးရုံနဲ့တင်ပဲ သက်ဆိုင်ရာ အက်ဖ်အမ်က ဖြေရှင်းပေးသွားတာဟာ နှစ်ဦးနှစ်ဘက်စလုံးအတွက် ကောင်းမွန်ပြီး ၀မ်းသာတယ်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

“မန္တလေးအက်ဖ်အမ်နဲ့ ပဉ္စ၀တီအက်ဖ်အမ် အဲကနေ သူတို့အကြွေးတွေ အကုန်ပေးပြီးပြီ။ ၂၀၁၂ ဩဂုတ်၊ စက်တင်ဘာလကုန်အထိ ပေးစရာရှိတာ အကုန်ပေးပြီးပြီ။ အကြွေးက ၁၉၀၀ ကျော်ရယ်၊ စုစုပေါင်း သိန်း ၂ ထောင်ကျော်လောက်ရှိတာပေါ့။ ”

လတ်တလောမှာတော့ အသုံးပြုတဲ့သီချင်းနဲ့ အဆိုတော် အမည်စာရင်းမှတ်သားထားတဲ့ စာရင်းမရောက်သေးတဲ့အတွက် နောက်သီတင်းပတ်လောက်ကျမှ ဂီတအစည်းအရုံးကနေ အနုပညာရှင်တွေထံကို ငွေခွဲပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဂီတအစည်းအရုံးအသစ်က ဖော်ဆောင်တဲ့ ပွင့်လင်းမြင်သာမှု ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်ရဲ့ အကူအညီနဲ့ မီဒီယာတွေရဲ့ ထုတ်လွှင့်မှုတွေကြောင့် အခုလိုမြန်မြန်ဆန်ဆန် ရတာလို့ သူက ပြောပါတယ်။

တခြား အက်ဖ်အမ်တွေထဲမှာလည်း၈ လစာ၊ ၆ လစာနဲ့ ၃ လစာ ပေးဆောင်ဖို့ ကြွေးကျန်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီလို အကြွေးတွေ အပြီးအပြတ်ပေးချေတာနဲ့ ပတ်သက်လို့ မန္တလေးစီးတီးအက်ဖ်အမ်က ဒါရိုက်တာ ဦးကျော်ဝင်းက ပြေပြေလည်လည် ဖြစ်သွားတဲ့အတွက် ၀မ်းမြောက်ပါတယ်လို့ ပြောပါတယ်။

“ပြေပြေလည်လည်ဖြစ်သွားလို့ ၀မ်းသာပါတယ်။ ကျနော်တို့က တရားဝင် အသုံးပြုခွင့်ရသူတွေလေ။ တကယ်တမ်း ပစ္စည်းပိုင်ရှင်တွေက အနုပညာရှင်တွေပါ။ ပေးတဲ့သူနဲ့ လက်ခံသူတွေကြားမှာ ဂီတအစည်းအရုံး ဆောင်ရွက်ပေးတာကိုလည်း ကျေးဇူးတင်တယ်။ အသုံးပြုခွင့်ပေးတဲ့ အနုပညာရှင်တွေ၊ တေးရေးဆရာ၊ တေးဆို၊ အသံဖမ်း အားလုံးကိုလည်း ကျေးဇူးတင်တယ်။ ကျနော်တို့ကလည်း ဒါကိုရပြီး ပရိသတ်ကို ကြားကနေတဆင့် ထုတ်လွှင့်ပေးရတာ၊ တာဝန်ကျေကျေနဲ့ အကောင်းဆုံးဆောင်ရွက်ပေးချင်ပါတယ်။ အခုကိစ္စမှာ တယောက်ကိုတယောက် ဘာမှငြိုငြင်စရာ၊ စိတ်ကွက်စရာတွေ မရှိဘူး။ နောက်ကိုလည်း အခုလို ချောချောမွေ့မွေ့နဲ့ အဆင်ပြေစေချင်တယ်။ အမြဲတမ်းပါ။”

အက်ဖ်အမ်တွေက သီချင်းထုတ်လွှင့်မှုတွေအတွက် အနုပညာကြေးပေးတဲ့ အစီအစဉ်ကို မြန်မာပြည်မှာ မန္တလေးအက်ဖ်အမ်က စတင် အကောင်အထည်ဖော်ခဲ့တာပါ။

ဘယ်သူမှမပေးခင် တပုဒ်ကို ၁၂၀၀ ထိ ပေးခဲ့ရာက တခြားအက်ဖ်အမ်လိုင်းတွေ ပေါ်ပေါက်လာပြီးနောက် ညှိနှိုင်းမှုတွေအရ တပုဒ်ကို ၆၅၀ ကျပ်နဲ့ သတ်မှတ်ခဲ့ပါတယ်။

အက်ဖ်အမ်အားလုံးက ၆၅၀ ကျပ် ပေးချေပေမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် ရန်ကုန်စီတီးအက်ဖ်အမ်က ကနဦးပိုင်းက အနုပညာကြေးမပေးဘဲ အခုအခါမှာတော့ ကျပ် ၄၀၀ နှုန်းနဲ့ ပေးချေတယ်လို့ ဖြူဖြူကျော်သိန်းက ပြောပြတယ်။

လာမယ့်နှစ်ဆန်းပိုင်းကျရင်တော့ အနုပညာကြေး တပြေးညီဖြစ်ရေးကိစ္စနဲ့ ဗွီစီဒီတွေမှာ သုံးစွဲမှုတွေအပေါ် အနုပညာကြေးကိစ္စကို ဂီတအစည်းအရုံးက ကိုင်တွယ်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

“ကျန်တဲ့ အက်ဖ်အမ်တွေ အကုန်သည် ၆၅၀ နဲ့တပြေးညီလုပ်နေသော်လည်းပဲ စီးတီးအက်ဖ်အမ်သည် လက်ခံခံ လက်မခံခံ ၄၀၀ နဲ့ပဲ ပေးနေတယ်လို့ သိရတယ်။ သီချင်း တပုဒ်လွှင့်ခ အက်ဖ်အမ်မှန်သမျှ ဒီဈေးဆို ဒီဈေးပဲ အားလုံးဖြစ်စေရမယ်။ ဒါကို  သဘောမတူနိုင်ဘူးဆိုရင် ထပ်ညှိနှိုင်းရမယ်။ ထပ်ညှိတဲ့အခါ လွှင့်မယ်ဆိုရင် ဒီဈေးနဲ့ပဲဖြစ်ရမယ်။ မဟုတ်ရင် လွှင့်ခွင့်မရှိတော့တာမျိုး ဖြစ်ကောင်းဖြစ်လာမယ်။ အရုပ်ရောအသံရော ဗွီစီဒီပြန်လွှင့်တဲ့အခါ ခွင့်ပြုချက်တောင်းခံပြီးတဲ့အခါ သီချင်းတပုဒ်ကို တခါလွှင့်ရင် ဘယ်လောက်နှုန်းဆိုတာ ဘယ်ရုပ်သံလိုင်းမဆို ဒီနှုန်းပဲဖြစ်မယ်။”

မြန်မာနိုင်ငံမှာ မန္တလေး၊ ပုဂံ၊ ပဉ္စ၀တီ၊ ရွှေ၊ ပတ္တမြား၊ ချယ်ရီ၊ စီတီး စသဖြင့် အက်ဖ်အမ်  ခုနှစ်ခု ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013