Home
မြန်မာသတင်း
ဖဲကစားသည့် မြန်မာအလုပ်သမား ၂၃ ဦးကို ထိုင်းရဲဖမ်းဆီး
နန်းမြနဒီ
·
March 4, 2019
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖစ်ခ်ျဘွန်းခရိုင်ထဲမှာ ဖဲကစားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၃ ဦး အဖမ်းခံရတယ်လို့  တီနယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဘိန်ဆာမ်ဖန်းမြို့နယ်၊ ကန်ကျူရပ်ကွက် တလတ်ခေါင်ကစ်နယ်မြေထဲက မြန်မာ အလုပ်သမားတစုဟာ အသံကျယ်လောင်စွာပြုခြင်း၊  လောင်းကစားခြင်းဖြင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်နေကြောင်း တိုင်တန်းချက်ရရှိတဲ့အတွက် နယ်မြေခံ ရဲတပ်ဖွဲ့၊ လ၀ကနဲ့ လူကုန်ကူးမှုတားဆီးရေး ပူးပေါင်းအဖွဲ့တွေဟာ မတ်လ ၂ ရက် ညနေ ၃ နာရီခွဲလောက်က ၀င်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။ ရှာဖွေရာမှာ ချောင်ကျတဲ့လမ်းသွယ်တခုထဲက အလုပ်သမားတန်းလျားထဲမှာ လူတစု ၀ိုင်းပြီး ဖဲကစားနေတာ တွေ့ရှိရကြောင်း၊ တာဝန်ရှိသူတွေ ၀င်သွားတာတောင် တချို့က ဟန်မပျက် ဆက်လက်ကစားနေပြီး  တာဝန်ရှိသူတွေကို နားမလည်သလိုနဲ့ ပြန်ကြည့်နေသေးတယ်လို့ ထိုင်းလ၀က သတင်းမှာ ဖော်ပြပါတယ်။ အမျိုးသမီးရော၊ အမျိုးသားပါ ပါဝင်တဲ့ လောင်းကစားသူ  မြန်မာအလုပ်သမား စုစုပေါင်း ၂၃ ဦးတို့ကို လောင်းကစားမှုနဲ့ အရေးယူဖို့ ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ သူတို့တွေဟာ ကုမ္ပဏီတခုက အလုပ်သမားတွေဖြစ်ပြီး လုပ်အားခရတဲ့ လကုန်ရက်ပိုင်း တွေမှာ ဖဲကစားကြကြောင်း၊ ရဲတွေ လာဖမ်းလို့မမိအောင် တနေရာတည်းမှာ ကစားတာမဟုတ်ဘဲ လမ်းကြိုလမ်းကြား တန်းလျားတွေထဲမှာလှည့်လည် ကစားနေကြောင်းလည်း ဘိန်ဆာမ်ဖန်း နယ်မြေရဲစခန်းက သတင်းထောက်ကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024