Homeရုပျသံ
ရုပ်ရှင်မကြည့်တာ ၃ နှစ်၊ ၅ နှစ်ရှိပြီ ဆိုတဲ့လူတွေအများကြီး ရုံထဲပြန်ပြီး ၀င်လာစေချင်တယ် - ခါရာ (မြို့ပြမုဆိုး)
ရုပ်ရှင်မကြည့်တာ ၃ နှစ်၊ ၅ နှစ်ရှိပြီ ဆိုတဲ့လူတွေအများကြီး ရုံထဲပြန်ပြီး ၀င်လာစေချင်တယ် - ခါရာ (မြို့ပြမုဆိုး)
DVB
·
March 4, 2019

ထူးထူးခြားခြား မြန်မာဂန်းစတားအက်ရှင်ကားတကားဖြစ်တဲ့ မြို့ပြမုဆိုးများ ရုပ်ရှင်ကားကို လာမယ့် မတ်လ ၁ ရက်နေ့ကစပြီး ရုံတင်ပြသနေပါတယ်။
ဒီကားကိုတော့ Bonanza ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လူငယ် ရုပ်ရှင်ဒါရိုက်တာ ဉာဏ်ထင်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ရုပ်ရှင်ကားထဲမှာတော့ မြို့ပြဒုစရိုက်လောကသားတွေရဲ့ ဥပဒေပြင်ပက လုပ်ငန်းတွေ၊ အချင်းချင်း တဖွဲ့နဲ့တဖွဲ့ မကျေလည်တဲ့ ရန်ငြိုးတွေနဲ့အတူ အပြန်အလှန် တိုက်ခိုက်ကြတဲ့ အက်ရှင်အပစ်အခတ်ဇာတ်ဝင်ခန်းတွေ ပါဝင်ပါတယ်။
ဒီကားထဲမှာ သရုပ်ဆောင်မင်းသားမင်းသမီးတွေအနေနဲ့ ခါရာ၊ ရန်အောင်၊ ဇင်ဝိုင်း၊ ပြည့်ဝတီမောင်၊ မင်းမြတ်စိုးစံ၊ ခန့်ညား၊ ဂျာဆိုင်းအိန်စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားနေရာကနေ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ခါရာက “အက်ရှင်ကားရိုက်ဖြစ်သွားတာက အဓိက မြန်မာနိုင်ငံမှာ တချို့ဆိုရင် မြန်မာ့ရုပ်ရှင်တွေကို မကြည့်ကြတော့ဘူး။ အရင်တုန်းကတော့ ငယ်ငယ်တုန်းကတော့ ရုပ်ရှင်တွေ ချစ်တယ်၊ ကြည့်ကြတယ်။ နောက်ပိုင်းကျတော့ ရုပ်ရှင်က ရသတခုတည်းပဲ တောက်လျှောက်ထပ်နေတာဖြစ်တဲ့အတွက် စိတ်မ၀င်စားတော့ဘူး။ စိတ်မ၀င်စားတော့ မကြည့်ကြတော့ဘူး။ ရုပ်ရှင်မကြည့်တာ ၃ နှစ်ရှိပြီ၊ ၅ နှစ်ရှိပြီတို့ ဆိုတဲ့လူတွေကလည်း အများကြီးပဲ အဲလိုမျိုးလူတွေကိုလည်း ရုံထဲ ပြန်ပြီး ၀င်လာစေချင်တယ်။ ကျနော်တို့ကလည်း မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေကို မတူညီတဲ့ ရသတွေ၊ မတူညီတဲ့ရုပ်ရှင်တွေကို လမ်းကြောင်းတခုဖောက်ပြီးတော့ ချပြချင်တယ်။ အက်ရှင်လည်းမရှိသေးဘူး၊ ကျနော်တို့ကလည်း အက်ရှင်လုပ်ချင်တယ်၊ ပြီးတော့ ဒါရိုက်တာ ဉာဏ်ထင်ကလည်း အက်ရှင်ကို ထိုးဖောက်ချင်တယ်၊ အက်ရှင်ကို အားသန်တယ်၊ အဲဒီကနေ ကျနော်တို့ ပူးပေါင်းပြီး အက်ရှင်ကားကို စရိုက်ဖြစ်သွားတာပါ။” လို့ ဒီဗွီဘီကို ပြောပါတယ်။