အမေရိကန်တွင် လေဆင်နှာမောင်း တိုက်ခတ်၊ လူ ၁၄ ဦးထက်နည်း သေဆုံး

အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ် လီမြို့နယ်ကိုဖြတ်ပြီး မတ်လ ၃ ရက်နေ့က လေဆင်နှာမောင်း တိုက်ခတ်ခဲ့လို့ နေအိမ်အတော်များများ ပျက်စီးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကြားမှာ လူတွေကို လိုက်ရှာနေဆဲမို့ သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ မြို့နယ် ငြိမ်ဝပ်ပိပြားရေးရုံး အရာရှိက ပြောပါတယ်။ တနင်္ဂနွေ မွန်းလွဲပိုင်းက ဆိုးရွားတဲ့ ရာသီဥတုကြောင့် အမေရိကန်တောင်ပိုင်းမှာ လေဆင်နှာမောင်းတွေ အတော်များများ တိုက်ခတ်နိုင်တဲ့ အနေအထား ဖြစ်နေခဲ့တာပါ။ တနင်္ဂနွေ ညနေပိုင်းမှာ ဂျော်ဂျီယာနဲ့ အလာဘားမား ပြည်နယ်တွေရဲ့ အစိတ်အပိုင်းတွေအတွက် လေဆင်နှာမောင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ လီမြို့နယ်ထဲက ကျောင်းတွေကို တနင်္လာနေ့မှာ ပိတ်ထားမယ်လို့ ကျောင်းတွေက တွစ်တာ လူမှုကွန်ရက်ကနေ ကြေညာပါတယ်။ မုန်တိုင်းကြောင့် လူအယောက် တသောင်းကျော် လျှပ်စစ်မီးမရှိဘဲ နေရတယ်လို့ ဘာမင်ဟမ်သတင်းဌာနက အလာဘားမား စွမ်းအင်လုပ်ငန်းကို ကိုးကားပြီး ဖော်ပြပါတယ်။ လေအေးစီးကြောင်းက နိုင်ငံအရှေ့တောင်ပိုင်းကို ဖြတ်သန်းတိုက်ခတ်ဖို့ ရှိနေလို့ အလာဘားမားပြည်နယ် ဒေသအများစုနဲ့ ဂျော်ဂျီယာပြည်နယ် အလယ်ပိုင်းမှာ အပူချိန် ၁ ဒီဂရီ ဆဲလ်စီးယပ်စ်သာရှိမယ်၊ လျှပ်စစ်မီးမရတဲ့သူတွေ နွေးနွေးထွေးထွေးနေဖို့ နည်းလမ်းတွေ ရှာထားသင့်တယ်လို့ AccuWeather မိုးလေဝသဌာနက ပညာရှင် ခရစ္စတီးနား ပီဒီနော်စကီက သတိပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up