အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

ဓာတ်ပုံ - AFP
2K
တောင်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မတ်လ ၄ ရက်ကနေ ၁၂ ရက်ထိ ပြုလုပ်သွားမယ်လို့ တောင်ကိုရီးယား စစ်ဦးစီးအရာရှိချုပ်တွေနဲ့ တောင်ကိုရီးယား-အမေရိကန် ပူးပေါင်းတပ် အရာရှိတွေက မတ်လ ၃ ရက်နေ့မှာ ပြောပါတယ်။
မဟာမိတ်လို့ အဓိပ္ပာယ်ရတဲ့ ဒုံမိန်း စစ်ရေးလေ့ကျင့်မှုဟာ ခါတိုင်းကျင်းပနေကျ Key Resolve နဲ့ Foal Eagle စစ်ရေးလေ့ကျင့်မှုတွေကို ပုံစံပြောင်းထားတာပါ။
ဗျူဟာ၊ စစ်ဆင်ရေးနဲ့ ကိုရီးယားကျွန်းဆွယ် ယေဘုယျ စစ်ဆင်ရေးတွေရဲ့ ဗျူဟာမြောက် ရှုထောင့်တွေကို အာရုံစိုက်ထားမယ်လို့ သူတို့က ပြောပါတယ်။
Foal Eagle စစ်ရေးလေ့ကျင့်မှုမှာ ထောင်နဲ့ချီတဲ့ ကြည်းရေလေနဲ့ အထူးတပ်ဖွဲ့ဝင်တွေပါပြီး နွေဦးရာသီမှာ လေ့ကျင့်လေ့ရှိပါတယ်။ Key Resolve ကတော့ ကွန်ပျူတာနဲ့ ပုံစံထုတ်ထားတဲ့ လေ့ကျင့်မှု ဖြစ်ပါတယ်။
ကိုရီးယားကျွန်းဆွယ် နျူကလီးယား ဖြုတ်သိမ်းရေး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ပထမဆုံးအကြိမ် ထိပ်သီးညီလာခံမှာ တွေ့ကတည်းက အမေရိကန်နဲ့ တောင်ကိုရီးယားဟာ စစ်ရေးလေ့ကျင့်မှု အတော်များများကို ဆိုင်းငံ့ထားတာပါ။
ဒီသီတင်းပတ်အတွင်း အမေရိကန်နဲ့ မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးညီလာခံ မအောင်မမြင် ဖြစ်အပြီးမှာ စစ်ရေးလေ့ကျင့်မှု ပြန်စဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။