ဆိုမာလီတွင် ကားဗုံးကြောင့် သေဆုံးသူ ၃၆ ဦးထိရှိပြီ

1.2K
ဆိုမာလီနိုင်ငံရဲ့မြို့တော် မိုဂါဒစ်ရှူးမှာ သောကြာနေ့က ကားဗုံးကြောင့် သေဆုံးသူ ၃၆ ယောက်ထက် မနည်းရှိခဲ့ပြီး တခြားလူ အယောက် ၆၀ လောက် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။
သေဆုံးသူ အများစုက အရပ်သားတွေဖြစ်ပြီး အလောင်းတချို့က အပျက်အစီးတွေ အောက်မှာ ပိတ်မိနေတယ်၊ တချို့လူတွေက ဆေးရုံရောက်မှ သေဆုံးတာလို့ ရဲက ပြောပါတယ်။
စစ်သွေးကြွတွေနဲ့ ဆိုမာလီတပ်တွေ မက်ခါအယ်လ်မူခါရာမာ ဟိုတယ်မှာ ပစ်ခတ် တိုက်ခိုက်အပြီး အစိုးရတပ်တွေက တိုက်ခိုက်ရေးသမားတွေကို မောင်းထုတ်နိုင်ခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြည်သူတွေကြားမှာ အကြောက်တရား ဖန်တီးဖို့ ရည်ရွယ်တယ်လို့ အာဏာပိုင်တွေက ပြောရင်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
အယ်လ်ရှာဘတ် သူပုန်တွေဟာ တိုက်ခိုက်ဖို့ ကားနှစ်စီးမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ပြီး အသုံးချခဲ့တယ်။
ဈေးတွေ၊ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားတဲ့ အုပ်စုရှိနေတယ်လို့ ဆိုမာလီ ပြန်ကြားရေး ဝန်ကြီး ဒါဟီယာ မိုဟာမဒ် ဂျလေက ပြောပါတယ်။
ဖောက်ခွဲရေး ပစ္စည်းတွေ တင်ထားတဲ့ ကုန်ကားတစီး ပေါက်ကွဲချိန်မှာ လမ်းတလျှောက် အဆောက်အဦ အတော်များများ ပျက်စီးခဲ့တယ်လို့ ရဲက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ဒဏ်ရာရတဲ့ လူနာတွေဆေးရုံကို ရောက်တာ ပိုများလာလို့ သွေးလှူကြဖို့ ဆေးရုံတွေက မေတ္တာရပ်ခံထားပါတယ်။
အယ်လ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွတွေက သူတို့လက်ချက် ဖြစ်ကြောင်း အခိုင်အမာ ပြောပါတယ်။
ဒီဟိုတယ်ဟာ အဆင့်မြင့် စီးပွားရေးသမားတွေ၊ အစိုးရ အရာရှိတွေနဲ့ နိုင်ငံရေး သမားတွေကြား လူကြိုက်များတာကြောင့် ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။
အယ်လ်ရှာဘတ်တွေဟာ ၂၀၁၅ ခုနှစ်က စီးနင်းအမှု အပါအဝင် ပွဲစဉ် အတော်များများမှာ ဟိုတယ်ကို ပစ်မှတ်ထားခဲ့လို့ ကုလသမဂ္ဂဆိုင်ရာ ဆိုမာလီ အကြီးတန်း သံတမန် တယောက် အပါအဝင် လူအတော်များများ သေဆုံးခဲ့ပါတယ်။