ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ ရန်ကုန်မှာ သံဃာအပါး ၂၀၀ ခန့်က ဆန္ဒပြ တောင်းဆိုကြပါတယ်။
ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ ဆန္ဒပြခွင့်ပြုဖို့ မနေ့ ကမာရွတ်မြို့နယ်ရဲစခန်းမှာ ခွင့်ပြုချက်တောင်းဆိုခဲ့ပေမယ့် မရလို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာရှိတဲ့ မကွေးပရိယတ္တိစာသင်တိုက် အရှေ့မှာပဲ ဆန္ဒပြကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်တဲ့ အဲဒီစာသင်တိုက်ရဲ့ တိုက်အုပ်ဆရာတော်လည်းဖြစ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်သံဃနာယက အကျိုးတော်ဆောင်လည်းဖြစ်တဲ့ ဆရာတော် ဦးပါမောက္ခက ခုလို မိန့်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို ရိုဟင်ဂျာတွေက မီးရှို့ဖျက်ဆီးတယ်။ အဲ့နိုင်ငံမှာရှိတဲ့ ရဟန်းသံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်ပြီး နိုင်ထက်စီးနင်းပြုတာတွေကို ဘုန်းကြီးတို့က အလိုမရှိတဲ့အကြောင်း။ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒါတွေကို စောင့်ရှောက်အကာအကွယ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်သံရုံးအရှေ့မှာ ဆန္ဒဖော်ထုတ်ဖို့ ကမာရွတ်ရဲစခန်းမှာတင်ပြခဲ့တယ်။ ၃ ရက်နေ့ ညနေ ၆ နာရီလောက်က သွားတင်ပြခဲ့တာ ခွင့်မပြုဘူး။”
ဒီနေ့ ဆန္ဒပြပွဲဟာ မိနစ် ၄၀ ကြာခဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပါတယ်။











