နွားကျောင်းနေသည့် သာစည်ထောင့်ကျေးရွာသားတဦး ဖမ်းဆီးခံရ
DVB
·
March 2, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် သာစည်ထောင့်ကျေးရွာမှာ နွားကျောင်းနေတဲ့ ရွာသားတဦးကို မတ်လ ၁ ရက်နေ့ မနက်ပိုင်းက စစ်သားတွေက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဇနီးဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။
သာစည်ထောင့်ကျေးရွာနဲ့ တမိုင်လောက်ကွာဝေးတဲ့ ယာခင်းနဲ့ ဥယာဉ်ခြံနားမှာ နွားကျောင်းနေရင်းကနေ ဖမ်းဆီးခေါ်ဆောင်ခံရတာလို့ ဇနီးဖြစ်သူ ဒေါ်ဘုမချေက ပြောပါတယ်။
“ကျမယောက်ျား မနက်တိုင်း ၈ နာရီမှာဆိုရင် ဟင်းခင်း(ယာခင်း)သွားပါတယ်။ နွားကျောင်းဖို့ သွားတာပါ။ မနက်ပိုင်း ၁၀ နာရီလောက်မှာ ထမင်းလာပို့ဖို့ ကျမကိုပြောတယ်။ ကျမက စစ်သားတွေ ရွာနားတွေမှာရောက်နေတယ်။ သွားလာလို့ရော အဆင်ပြေပါ့မလားလို့ ပြောတော့ ယောက်ျားက သူ့ဟာသူအိမ်ကို လာစားမယ်လို့ပြောတယ်။ အဲဒါနဲ့ ၁၁ နာရီထိုးနေပြီ အိမ်ကိုရောက်မလာဘူး။ အဲဒါနဲ့ ကျမက ဖုန်းဆက် လိုက်တယ်။ နွားတွေထားခဲ့လိုက်တော့ အိမ်ကို ထမင်းစားဖို့လာလို့ပြောတာနဲ့သူက ဘာမှမပြောတော့ဘူး။ ယောင်္ကျားကပြောတယ်၊ ထမင်းမပို့နဲ့တော့၊ ဘာလို့လဲ တခုခုဖြစ်နေပြီးလားလို့မေးတော့၊ မပြောဘူး။ စစ်သားတွေဖမ်းထားပြီး လားလို့ထပ်မေးတော့။ ဖမ်းထားတယ်။ ဟုတ်တယ်လို့ဖြေတယ်။”
အဲ့ဒီနောက် ဒီကနေ့ မနက်ပိုင်းအချိန်အထိ ယောက်ျားဖြစ်သူကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ် မရရှိတော့ဘူးလို့ ဇနီးဖြစ်သူဒေါ်ဘုမချေက ပြောပါတယ်။
သာစည်ထောင့်ကျေးရွာက ဦးမောင်ဘုစိန် (၅၇ နှစ်) ပျောက်ဆုံးသွားတာနဲ့ပတ်သက်လို့ သာစည်ထောင့်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဒီဗွီဘီက ဆက်သွယ်မေးရာမှာတော့ ပျောက်ဆုံးနေတာဟုတ်မှန်ကြောင်း ရဲစခန်းတွေနဲ့ တာဝန်ရှိ သူတွေကို အကြောင်းထားတယ်လို့ ဆိုပါတယ်။
“ကျနော်က မနေ့က ရသတော့င်မှာ အစည်းဝေးလုပ်နေတယ်ဗျ။ ညနေမှအိမ်ကို ပြန်ရောက်တယ်။ မိသားစုတွေပြောတာက စစ်သားတွေ ဖမ်းခေါ်သွားတယ်လို့ပြောတယ်။ ကျနော်လဲ အဲ့လာက်ပဲ သိထားတာ။ သူကိစ္စနဲ့ပတ်သက်ပြီးတော့ ခြေရာတော် ရဲစခန်းကိုတော့ အကြောင်းထားတယ်။ ပြီးတော့ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားထားပါတယ်။”
ရတောင်နယ်မြေရဲစခန်းက ခြေတော်ရာက ရဲအရာရှိတွေကို ဒီဗွီဘီက မေးမြန်ရာမှာတော့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက “ကျနော်တို့ ရဲစခန်းမှာတော့ တိုင်းချက်ဖွင့်လို့မရဘူးခင်ဗျ။ တိုင်ချက်ဖွင့်ချင်ရင်တော့ စေတီပြင်မှာပဲ ဖွင့်လို့ရမယ်။ ကျနော်တို့ ကျတော့ လူပျောက်ပဲ ဖွင့်လို့ရမယ်ဗျ။ မိသားစုဝင်တွေကို ခေါ်ထားပါတယ်။ စေတီပြင်ရဲစခန်းမှာ လူပျောက်ဆိုရင်လည်း လူပျောက်အနေနဲ့ သွားဖွင့်ပေးပါမယ်လို့ ပြောထားပါတယ်။
အခုလို ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာတော့ ရသေ့တောင်မြို့နယ်က သာစည်ထောင့်ကျေးအရွာအပြင် အနီးအနားက ကျေးရွာတွေက ဒေသခံတွေ ဖမ်းဆီးခံရမှာစိုးလို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး၊ ဒေသခံ ၁ ဦးနဲ့ ကျောက်တော်မြို့နယ် ဒေသခံ ၅ ဦးတို့ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေပါတယ်။
ရက္ခိုင့်တပ်မတော်အေအေနဲ့ တပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားလာတဲ့ နောက်ပိုင်းမှာ ဒေသခံတွေကို ဖမ်းဆီးတာ၊ ဒေသခံတွေ ပျောက်ဆုံးတာ၊ နောက်ပြီး ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တာတွေလည်း မကြာခဏဖြစ်ပေါ်နေတာပါ။
သာစည်ထောင့်ကျေးရွာက ဦးမောင်ဘုစိန် ဖမ်းဆီးခေါ်ဆောင်ခံရတာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းကိုင်ခဲ့ခြင်းမရှိပါဘူး။