
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုဒေးဗစ်ထောနဲ့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ခံ ပညာရေးဌာနမှူး ဗိုလ်မှူးရောဂျာတို့ ၃ ဦးကို တာဝန်ကနေ ရပ်စဲလိုက်တယ်လို့ ကေအန်ယူအစည်းအရုံး ဗဟိုရုံးအဖွဲ့မှူး စောဆေးဆေးက ပြောပါတယ်။
အခုလ ၂၈ ရက် ၂၉ ရက် နှစ်ရက်တာကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
အဲဒီအစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၁ ဦးအနက် ၈ ဦး သဘောထားနဲ့ ဆုံးဖြတ်ခဲ့တာလို့ သူက ရှင်းပြပါတယ်၊ အဲဒီ ၈ ဦးအနက် ဒုတိယဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက ခရီးမထွက်ခင်ကတည်းက သဘောထားပေးခဲ့တယ်လို့ စောဆေးဆေးက ရှင်းပြပါတယ်။
[caption id="attachment_31595" align="alignright" width="300" caption="ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး"]
[/caption]
လစ်လပ်နေတဲ့ရာထူးတွေကို ဘယ်သူတွေက ယာယီ တာဝန်ယူတယ်ဆိုတာကိုတော့ မသိရသေးသလို ကေအန်ယူကလည်း တရားဝင် ကြေညာချက် ထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။
ဖယ်ရှားခံရသူ ၃ ဦးအနက် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးဟာ ရန်ကုန်ကိုရောက်နေပြီး ကျန် ၂ ဦးကတော့ ဌာနချုပ်ကို ပြန်ရောက်နေကြတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကို ဆက်သွယ်ရာမှာ မနက်ကတည်းက ဒီသတင်းကို သူသိရှိပြီးဖြစ်တဲ့အကြောင်းနဲ့ ရန်ကုန်ကနေ ပြန်လာမှ ရှင်းမယ်လို့ ပြောပါတယ်။
နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်ခဲ့တဲ့ ကေအန်ယူဟာ ဒီနှစ်ဆန်းပိုင်းက အစိုးရနဲ့ ပထမဆုံးအကြိမ် အပစ်အခတ်ရပ်သဘောတူခဲ့ပါတယ်။ ကေအန်ယူထိပ်ပိုင်းခေါင်းဆောင်တွေကို ဒီဗွီဘီကနေ ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ကေအန်ယူအစည်းအရုံးရဲ့ ဒီဆောင်ရွက်ချက်ဟာ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး ဦးဆောင်တဲ့ ကေအန်ယူ အဖွဲ့ ဘားအံမြို့မှာ ဗဟိုဆက်ဆံရေးရုံးဖွင့်တာ ဌာနချုပ်သဘောထားမဟုတ်ဘူးလို့ ကေအန်ယူက စာထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲအရေးယူမှု ဖြစ်ပါတယ်။
ကေအန်ယူအစည်းအရုံးရဲ့ သက်တမ်းမှာ ဒီ ၁ ကြိမ်ဖယ်ရှားမှုဟာ ပထမဆုံးလည်းဖြစ်ပြီး အဆင့်မြင့် စစ်ခေါင်းဆောင်တဦးကို မျက်ကွယ်မှာ တာဝန်ကနေ အနားပေးလိုက်တာဖြစ်ပါတယ်။











