Home
မြန်မာသတင်း
မြောက်ဦး ရပ်ကျေးအုပ်ချုပ်ရေမှူး ၈၉ ဦး တပြိုင်တည်း နုတ်ထွက်
DVB
·
March 2, 2019
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအချို့ ဖမ်းဆီးခံရတာတွေရှိလို့ မတ်လ ၁ ရက်က  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၈၉ ဦး နုတ်ထွက်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ မတ် ၁ ရက်နေ့ နေ့လယ်ပိုင်းက မြောက်ဦး အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေ အရေးပေါ်အစည်းအဝေးတရပ်ပြုလုပ်ပြီး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကပြောပါတယ်။ ကန်စောက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က “ဘာလို့ နုတ်ထွက်လဲဆိုတော့ မနေ့က ကျနော်ဆီမှာ ဘာမှပြောဆိုတာတွေမလုပ်ဘဲ အစည်းအဝေးခန်းမကနေ ခွင့်ပြုချက်မရှိဘဲ မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်မတောင်းဘဲ ဖမ်းဆီးသွားတယ်။ ဒီလိုအစည်းအဝေးခန်း မမှာတောင် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတော့ အပြင်မှာလည်း လုံခြုံမှုမရှိတော့ဘူး။ အကြောင်းပြချက် တစုံတရာမရှိဘဲ ဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုတာက လုံခြုံမရှိဘူးလို့ ခံစားရတယ်။ အဲ့ကြောင့် ကျနော်တို့ နုတ်ထွက်ရခြင်းဖြစ်ပါတယ်။ မြောက်ဦးမြို့နယ် ရန်အောင်ပြင် အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်၊ ကျောက်ဆည်ပြင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်း၊ ပေါက်ပင်ကွင်း အုပ်ချုပ်ရေးမှူး ဦးမောင်တင်ချေ၊ ပြိုင်းရှားအုပ်ချုပ်ရေးမှူး ဦးမောင်ဦးစိန်တို့ကို မြို့နယ်ထွေအုပ်ရုံးမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ လစဉ် အစည်းအဝေးပြုလုပ်နေချိန်မှာ ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အစည်းအဝေးပြုလုပ်နေချိန်မှာ တာဝန်ရှိသူတွေကို တစုံတရာအသိမပေး အကြောင်းမကြားဘဲနဲ့ လာရောက်ဖမ်းဆီးခေါ်သွားတာလို့ ပြင်ရှည်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းက ပြောပါတယ်။ “မနေ့က ကျနော်တို့အစည်းအဝေး လုပ်နေတဲ့အချိန်မှာပဲ ခေတ္တရဲမှူးက ဦးစီးမှူး တယောက်ကို ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူး လေးယောက်ကို ခဏလေးတွေ့မယ်။ လမ်းဝမှာ စကားပြောချင်လို့ဆိုပြီးခေါ် သွားတယ်။ ကျနော်တို့က ဦးစီးမှူးလာခေါ်တာလို့ ထင်တာပေါ့။ အစည်းအဝေးပြီးသွားတဲအချိန်အထိ ပြန်ရောက်မလာဘူးလေ။ နောက်ပိုင်း ကျနော်တို့ စုံစမ်းတော့ ရဲတွေဖမ်းဆီးသွားတယ်လို့ သိရတော့တယ်။ ကျနော်တို့ဆုံးဖြတ်ထားတာက တာဝန်ကို ဆက်လက်တာဝန်ထမ်းဆောင်ရန် စိတ်မရှိတောဘူး ဆိုပြီး ကျနော်တို့အားလုံး နုတ်ထွက်ပြီး ကျနော်တို့တံဆိပ်တုံးတွေ အပ်ထားခဲ့ပါတယ်။” လို့ ပြောပါတယ်။ နုတ်ထွက်စာတင်တင်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးကို ဒီဗွီဘီကက ဖုန်းဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေဆိုခြင်းမရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်ရာမှာတော့ ဖမ်းဆီးထားတာမျိုးမဟုတ်ဘဲ ခေတ္တထိန်းသိမ်းထားတာဖြစ်ပြီး ဘာကြောင့်ခေါ်ယူစစ်ဆေးရတယ် ဆိုတာကိုတော့ ပြောမရသေးဘူးလို့ မြောက်ဦးမြို့နယ်မှူး ဒုရဲမှူး အောင်သူဖြိုးက ပြောပါတယ်။ မြောက်ဦးမြို့နယ် အတွင်းက အုပ်ချုပ်ရေးမှူးတွေက တလကို နှစ်ကြိမ် ပုံမှန်အစည်းတွေ ပြုလုပ်နေတာကျဖြစ်ပြီ အခုလို အစည်းအဝေး ပြုလုပ်နေတဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ အုပ်ချုပ်ရေးမှူးတွေ အားလုံးကို ခြိမ်းခြောက်လိုက်တာလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကပြောပါတယ်။ ရက္ခိုင့်တပ်မတော် (အေအေ) နဲ့ တပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားလာတဲ့ နောက်ပိုင်းမှာ ဒေသခံတွေကို ဖမ်းဆီးတာ၊ ဒေသခံတွေ ပျောက်ဆုံးတာ၊ နောက်ပြီး ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တာတွေလည်း မကြာခဏဖြစ်ပေါ်နေပြီး အခုလိုဖမ်းဆီးခံနေရတဲ့အပေါ် ဒေသခံတွေ မကျေမနပ်တွေ ဖြစ်နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024