Home
မြန်မာသတင်း
စည်းကမ်းနှင့်မညီသည့် ယစ်မျိုးဆိုင်များကို ကြပ်မတ်မည်၊ ၆၁၃ မှု အရေးယူခဲ့
DVB
·
March 2, 2019
ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းမျဉ်းစည်းကမ်းနှင့် မညီတဲ့ ယစ်မျိုးဆိုင်တွေကို အလေးထား ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း အရေးယူမှု ၆၁၃ မှု ပြုလုပ်ခဲ့တယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောပါတယ်။ မနေ့က ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ မရမ်းကုန်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တွေက ယစ်မျိုးလိုင်စင်နဲ့ ဖွင့်လှစ်ထားတဲ ဘားအချို့တို့မှာ အဖွဲ့ဝင်ကတ် ပြုလုပ်ထားသူတွေအတွက် ဆိုင်ခန်းအတွင်း အထူးခန်း ပြုလုပ်ထားပြီး ဆိုင်ပိတ်ချိန် သတ်မှတ်ချက်ကို မလိုက်နာဘဲ အချိန်အကန့်အသတ် မရှိ ညလုံးပေါက် မိုးလင်းအထိ သောက်သုံးပြီး ဝင်ထွက်သွားနေတာကို ထိရောက်စွာ တားမြစ်အရေးယူ ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ၊မရှိ မေးမြန်းတာကို လုံခြုံရေးနှင့် နယ်လုံဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။ “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တရားမဝင်လိုင်စင်မဲ့ ယစ်မျိုးဆိုင် အပါအဝင် လိုင်စင်ရယူထားပြီးတော့ သတ်မှတ်စည်းကမ်းနဲ့ အညီ ဆောင်ရွက်ခြင်းမရှိသော ယစ်မျိုးဆိုင်များ ရှိ၊မရှိကို စစ်ဆေးနိုင်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနဲ့ မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာနတို့ပါဝင်တဲ့ တရားမဝင် ယစ်မျိုးဆိုင်များကို စိစစ်ကြီးကြပ်ရေး အဖွဲ့နဲ့ တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ယစ်မျိုးနည်းဥပဒေ ပုဒ်မများနဲ့အညီ တရားစွဲဆို ဆောင်ရွက်လျက်ရှိပြီး အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ ယစ်မျိုးနဲ့ ပတ်သက်ရင် စည်းမျဉ်းစည်းကမ်းအတိုင်း ယစ်မျိုးလိုင်စင် ရသူများဟာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘဲနဲ့ စည်းကမ်းဖောက်ဖျက် နေတဲ့ ယစ်မျိုးဆိုင်များကို တရားမဝင် ယစ်မျိုးဆိုင်များ စိစစ်ကြီးကြပ်ရေးအဖွဲ့ များမှ အလေးထားကြပ်မတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဘားဆိုင်တွေမှာ အဖွဲ့ဝင်ကတ်တွေ ပြုလုပ်ထားတာဟာ ယစ်မျိုးလိုင်စင် ရယူထားတာနဲ့ သက်ဆိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ ဘားဆိုင်ရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်တာဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ နှစ်စဉ်ယစ်မျိုး အစီအစဉ်နဲ့ ယစ်မျိုးလိုင်စင်စုစုပေါင်း ၉၃၈၉ ခုကို ခွင့်ပြုချထားပေးခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာအထိ တရားမဝင် ယစ်မျိုးဆိုင်များ စိစစ်ကြီးကြပ်ရေး အဖွဲ့အနေနဲ့ ၁၉၀၁ ကြိမ် ကွင်းဆင်း စစ်ဆေးခဲ့ပြီး အရေးယူဆောင်ရွက်မှု ၆၁၃ မှုရှိခဲ့ကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024