ကလေးတွေ ဖွံ့ဖြိုးရေး အဓိကလုပ်ပေးမယ် – ကျပ်သိန်း ၁၅၀၀၀ ဆုရှင် ဆရာတော်

1.4K
မတ်လ ၁ ရက်နေ့က ဖွင့်လှစ်တဲ့ ကျပ် သိန်း ၁၅၀၀၀ ထီဆုကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင် ရပ်ကွက်၊ တောင်နီလေးကျောင်းတိုက်၊ အေးမေတ္တာစံလူငယ်ဖွံ့ဖြိုးရေးပရဟိတ ကျောင်းက ဆရာတော် ဘဒ္ဒန္တစန္ဒိမာက ကံထူးခဲ့ပါတယ်။
“ထီပေါက်တော့ ပိုကောင်းတာပေါ့၊ ကိုယ်အတွက်ကောင်းတာမဟုတ်ပါဘူး။ ကလေးတွေအတွက် ကောင်းတာပါ။ ကျောင်းလုံခြုံမှုရှိဖို့အတွက် အုတ်တံတိုင်းတွေခတ်မယ်။ ကလေးတွေရဲ့ ပညာရေးအတွက် ကွန်ပျူတာသင်တန်းတွေ၊ လျှပ်စစ်မီး ကောင်းကောင်း ပြည်စုံအောင်လုပ်မယ်။ ကလေးတွေ ဖွံ့ဖြိုးရေးအတွက်ပဲ အဓိက ထားလုပ်ပေးသွားမယ်”လို့ ဆရာတော်က မိန့်ပါတယ်။
အဲဒီကျောင်းဟာဆိုရင် ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကျောင်းသားကျောင်းသူ ဦးရေ ၄၀၀ ကျော်ကို ပညာသင်ကြားပေးနေတယ်လို့လည်း သိရပါတယ်။
ကျောင်းသားကျောင်းသူတွေထဲက အများစုကတော့ တိုင်းရင်းသား ကလေးငယ်တွေဖြစ်ပြီး ကျောင်းမှာ မူလတန်းအဆင့်ကိုပဲ သင်ကြားပေးနိုင်တာဖြစ်ပါတယ်။
မူလတန်းအဆင့်အောင်မြင်ပြီးတဲ့ ကလေးငယ်တွေကိုတော့ အစိုးရကျောင်းတွေမှာ ဆက်လက် ထောက်ပံ့ပညာသင်ကြားပေးတယ်လို့လည် သိရပါတယ်။
ဆရာတော်ဟာ ၈ နှစ်အရွယ်ကတည်းက မိဘတွေဆုံးပါးသွားခဲ့ပြီး မိဘမဲ့ ဘ၀နေခဲ့ရတာကြောင့် ကျောင်းကိုရောက်လာတဲ့ ကလေးသူငယ်တွေကို ကိုယ်ချင်းစာစိတ်နဲ့ ကျွေးမွေးပြုစု ပညာသင်ကြားပေးနေတာလို့ သိရပါတယ်။
ကျပ်သိန်း ၁၅၀၀၀ ထီဆုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပေါက်မဲနံပတ်က အ - ၇၉၂၉၄၁ ဖြစ်ပါတယ်။