တောင်ကြီးတွင် အာဂန္တုသံဃာ ၂ ပါးအား သတ်ခဲ့သူကို ဖမ်းမိ
DVB
·
March 2, 2019
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ တက္ကသိုလ်မီးပွိုင့်အနီး၊ ရွှေမုဋ္ဌောဘုရားအတက် စောင်းတန်းမှာ ဖြစ်ပွားခဲ့တဲ့ အာဂန္တု သံဃာနှစ်ပါးအား သတ်ခဲ့တဲ့ သံဃာတပါးကို ဖမ်းဆီးရမိပြီလို့ မတ်လ ၁ ရက်နေ့မှာ တောင်ကြီးမြို့နယ် ရဲမှူးက ပြောပါတယ်။
နေပြည်တော်ကနေ အလှူခံအနေနဲ့ ရောက်လာတဲ့ အာဂန္တု သံဃာတပါးဖြစ်ပြီး အလှူခံရတဲ့ငွေနဲ့လက်ကိုင်ဖုန်းကို အသတ်ခံရတဲ့ သံဃာတပါးကယူဆောင်ပြီး ပြန်လည်တောင်းယူလို့ မရတဲ့အတွက် ဒေါသနဲ့ သတ်မိတာလို့ ၀န်ခံကြောင်း ရဲမှူး မောင်မောင်နိုင်က ပြောပါတယ်။
သင်္ကာမကင်းသူ ဥူးအင်္ဂုရ (လူအမည် အောင်မျိုးဆွေ) ကို တောင်ကြီးမြို့မရဲစခန်းမှာ ဖေဖော်ဝါရီ ၂၆ ရက်ကနေစပြီး ပထမအကြိမ် ချုပ်မိန့်ရမန်ယူကာ အမှုစစ်အဖွဲ့ ဖွဲ့စည်း စစ်ဆေးမေးမြန်းခဲ့တာလို့ ဆိုပါတယ်။
သံဃာ ၂ ပါးအား တုတ်နဲ့ ရိုက်သတ်ခဲ့တဲ့ ဥူးအင်္ဂုရ (လူအမည် အောင်မျိုးဆွေ)၊ ၃၃ နှစ်၊ အမှတ်(၃၅၀)၊ မဟော်ဂနီ(၁)လမ်း၊ ဆင်ဖြူကျွန်းရပ်ကွက်၊ ပုပ္ဗသီရိမြို့နယ်၊ နေပြည်တော်ကောင်စီ နယ်မြေနေသူကို တောင်ကြီးမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တောင်ကြီးမြို့ပေါ်ရှိ ရွက်ဖျင်တဲနဲ့ သီတင်းသုံးနေထိုင်တဲ့ သံဃာတော်တွေကို ဖယ်ရှားရှင်းလင်းဖို့ သာသနာရေးဌာန၊ စည်ပင်၊ သစ်တော၊ ထွေအုပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းရှင်းလင်းဖို့ စီမံချက်ကို အစိုးရထံတင်ပြပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ တက္ကသိုလ်မီးပွိုင့်အနီး၊ ရွှေမုဋ္ဌောဘုရားအတက် စောင်းတန်းမှာ ဖေဖော်ဝါရီ ၂၅ ရက် မနက်အစောပိုင်းက အသတ်ခံထားရတဲ့ ဦးကဝိန္ဒနဲ့ ဦးသုဇာတတို့ရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး ရဲက စုံစမ်းစစ်ဆေးခဲ့တာပါ။
ခွန်ရာဇာ