
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ပြင်က Lengpui လေဆိပ်မှာ စိတ်ကြွဆေး အလုံးပေါင်း ၂ သိန်း ၅ သောင်းကို လေဆိပ်လုံခြုံရေးအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဒီဆေးတွေကို ဂူဂျာရတ် (Gujarat) ပြည်နယ် အမ္မာဒဘတ် (Ahmedabad) မြို့ကနေ အိုက်ဇောမြို့ကို စက်တင်ဘာ ၃၀ ရက်နေ့က လေယာဉ်နဲ့ ပို့လိုက်ထာ ဖြစ်ပါတယ်။
လိပ်စာမသဲကွဲလို့ လေဆိပ်လုံခြုံရေးအဖွဲ့ကနေ မသင်္ကာဖြစ်ပြီး ဖောက်ကြည့်လိုက်ရာက ဒီစိတ်ကြွဆေးတွေကို ဖမ်းမိလိုက်တာပါ။
စာရွက်စာတန်းအရ လိပ်မူထားတာက SEPA Medical Store, မဏိပူရပြည်နယ် ဖြစ်ပြီး ပါဆယ်မှာကပ်ထားတဲ့ လိပ်စာက မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ ဖြစ်နေတာမို့ သင်္ကာမကင်း ဖြစ်ခဲ့တာလို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။
လိပ်မူထားတဲ့ စိတ်ကြွဆေး ပိုင်ရှင်ကို ရှာဖွေနေပေမယ့် စိတ်ကြွဆေး ဖမ်းမိတဲ့သတင်း လေဆိပ်ကနေ ပေါက်ကြားပြီး သတင်းစာတွေထဲ ဖော်ပြထားပြီးဖြစ်တာမို့ တရားခံကို ဖမ်းဆီးဖို့ ခက်ခဲနေတယ်လို့ မီဇိုရမ် ဆိုပါတယ်။
မီဇိုရမ် ပြည်နယ် ရုပ်သံ သတင်းထောက်တဦးက “”အခု ဖမ်းမိထားတဲ့ စိတ်ကြွဆေးတွေဟာ မြန်မာနိုင်ငံကို တင်ပို့ဖို့ဖြစ်တယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ အိန္ဒိယနိုင်ငံက စိတ်ကြွဆေးတွေ မီဇိုရမ်ပြည်နယ်ကိုဖြတ်ပြီး မြန်မာနိုင်ငံကို တင်သွင်းနေကြတာ မနည်းတော့ဘူး” လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံ မြို့တော်တွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတချို့ ကပ်ခွာလို့ခေါ်တဲ့ စိတ်ကြွဆေး အခွံခွာတဲ့ အလုပ်လုပ်ပြီး တနေ့ကို ရူပီးငွေ ၅၀၀ ရကြပြီး အဆင်ပြေနေကြကြောင်း သတင်းရတယ်လို့ ဆိုပါတယ်။
စိတ်ကြွဆေး သယ်ဆောင်ဖို့အတွက်လည်း မြန်မာနိုင်ငံသားတွေကို အသုံးချနေတယ်လို့ မီဇိုရမ်ပြည်နယ် ရုပ်သံသတင်းထောက် ပူးအာလ်ဖရက်က ပြောပါတယ်။
ဒီရဲစခန်းခွဲတခုတည်းကနေ ဒီနှစ်အတွင်း မြန်မာနိုင်ငံကို တင်သွင်းမယ့် စိတ်ကြွဆေးအလုံးပေါင်း ၂၇၇,၅၀၀ ဖမ်းဆီးရမိခဲ့ပါတယ်။ ဩဂုတ်လနဲ့ စက်တင်ဘာလ ၂ လအတွင်း မီဇိုရမ်ပြည်နယ် တ၀န်းမှာ မြန်မာနိုင်ငံကို တင်သွင်းမယ့် အိန္ဒိယရူပီးငွေ ၃၅ သိန်း၊ မြန်မာကျပ်ငွေအားဖြင့် သိန်း ၅၆၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးတွေကို ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ပါတယ်။











