DVB Logo
Home
မြန်မာသတင်း
ရှားခဲကြီးအင်းပဋိပက္ခ သေဆုံးခဲ့မှုများကို အရေးမယူသည့်အတွက် ဒေသခံများ စိုးရိမ်
DVB
·
October 3, 2012
ရှားခဲကြီးအင်းပဋိပက္ခ သေဆုံးခဲ့မှုများကို အရေးမယူသည့်အတွက် ဒေသခံများ စိုးရိမ်
Donate to DVB

ရှားခဲကြီးအင်းကို အများလုပ်ကိုင်နိုင်တဲ့ ဘုံစားအင်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က သတ်မှတ်လိုက်ပေမယ့် အဓိကရုဏ်းကြောင့် လူ ၃ ဦး သေဆုံးခဲ့မှုကို အရေးမယူတဲ့အတွက် ကျေးရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့က ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်၊ ရှားခဲအင်းကျေးရွာမှာ ဒေသခံ အင်းလုပ်သားတွေနဲ့ လေလံအောင်ထားတဲ့ ၀ိုင်းဝိုင်းလည် ကုန်ထုတ်သမအသင်းတို့အကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

[caption id="attachment_31565" align="alignleft" width="262" caption="ရှားခဲအင်း ဒေသခံရွာသားများ"][/caption]

အဓိကရုဏ်းဖြစ်ပွားပြီး နောက်တနေ့မှာ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်က ရှားခဲအင်းကို သွားရောက်ခဲ့ပြီး အင်းကို ဘုံစားအင်းအဖြစ် လုပ်ကိုင်ခွင့်ပြုမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ကိုတရုတ် (ခေါ်) ကိုဝင်းနိုင်ကို သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အခုချိန်ထိ အရေးမယူတဲ့အတွက် အင်းလုပ်သားတွေ စိုးရိမ်ထိတ်လန့်နေကြ ဆဲပဲလို့ ဒေသခံတဦးက ပြောပါတယ်။

“အဲနေ့ ည ၈ နာရီလောက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ ပစ်ကြခတ်ကြ ဟိုဘက်ကလည်း လူအုပ်နဲ့လာတယ်။ နောက်နေ့မနက်ကျတော့ ၀န်ကြီးချုပ်လာပြီး ဘုံစားအင်းပေးလိုက်တယ်လို့ သတင်းရတယ်။ ဘုံစားအင်းပေးလိုက်တဲ့အတွက် အင်းသူအင်းသားတွေက လတ်တလောကတော့ ၀မ်းသာစရာပေါ့၊ ရှာဖွေစားသောက်လို့ရတယ်လေ။ ဒါပေမယ့် တခုရှိတာက သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ် မလုံခြုံဘူးပေါ့။ အင်းသူကြီးဘက်က ဖိုးလူဝဆိုတဲ့လူမိုက် လူသတ်ထားတဲ့သူကို မဖမ်းဘူးဆိုတာက ဘာသဘောလဲပေါ့။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ တော်တော်လေး စိတ်ပျက်စရာပါ။”

ရှားခဲအင်းကို ပြည်သူတွေ လုပ်ကိုင်စားသောက်ခွင့်ပေးဖို့ တောင်းဆိုခဲ့ရာမှာ ဧရာဝတီတိုင်း စီမံ၊စီးပွားတိုင်းဝန်ကြီး ဦးတင်စိုကနေပြီး ၄၅ သိန်းနဲ့ ချပေးခဲ့ပါတယ်။

ဒါပေမယ့် ဦးမြင့်ဟန်၊ ဦးကြည်တို့ ဦးဆောင်တဲ့ ၀ိုင်းဝိုင်းလည် သူဌေးအဖွဲ့က ၆၅ သိန်း ပေးပြီး အင်းကို လေလံယူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဒေသခံတွေ လုပ်ကိုင်စားသောက်ရေးမှာ အခက်အခဲဖြစ်ပြီး အချင်းချင်း ခိုက်ရန်ဖြစ်ပွားတဲ့အထိ ဖြစ်ပွားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၈ ရက်နေ့ကတော့ လေလံအောင်ထားတဲ့သူတွေကို ၆၅ သိန်းပြန်ပေးလျော်ပြီး ဘုံစားအင်းအဖြစ် ပြန်လည်သတ်မှတ်မယ်လို့ တိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ အခင်းဖြစ်ပွားခဲ့တုန်းကတော့ လုပ်ငန်းရှင်ရဲ့ လူတစု လက်ချက်နဲ့ အင်းလုပ်သား၊ ရွာသား ကိုတရုတ်ခေါ် ကိုဝင်းနိုင်သေဆုံးခဲ့ပါတယ်။ ဒီကိစ္စ အရေးယူဖော်ထုတ်ပေးဖို့ ကျေးရွာသားတွေက အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ချိန်မှာ ရဲက ၀င်ရောက်နှိမ်နင်းခဲ့တဲ့အတွက် နောက်ထပ်ရွာသား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013