Homeမြန်မာသတင်း
အရှုံးပေါ်နေသည့် စည်ပင်ပိုင်နို့စားနွားခြံတွင် နွားထီးများသာတွေ့သဖြင့် ပြန်ရောင်းခိုင်းထားဟု မြို့တော်ဝန် ပြော
အရှုံးပေါ်နေသည့် စည်ပင်ပိုင်နို့စားနွားခြံတွင် နွားထီးများသာတွေ့သဖြင့် ပြန်ရောင်းခိုင်းထားဟု မြို့တော်ဝန် ပြော
ပိုင်စိုး
·
February 27, 2019
ရန်ကုန်မြို့တော် စည်ပင်ပိုင် နို့စားနွားမွေးမြူရေးခြံကို စစ်ဆေးရာမှာ နို့စားနွားမတွေကို မတွေ့ရဘဲ နွားထီးတွေပဲ တွေ့ခဲ့ရတယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော်မှာ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် ၁ ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေး ဌာနရဲ့ ၅ နှစ် ဆက်တိုက် အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဘယ်လို ဆက်လက် စီမံ ဆောင်ရွက် သွားမယ်ဆိုတာ သိလိုတယ်လို့ မေးရာမှာ ဖြေခဲ့တာပါ။
မေးမြန်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “မေးခွန်းကိုဖြေရင်း ထည့်ဖြေ သွားတာ။ နို့စားနွားမွေးမြူရေးခြံကိုသွားစစ်တော့ နွားထီးတွေချည်းပဲ တွေ့တာနဲ့ ပြန်ရောင်း ခိုင်းရတယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။
စာရင်းစစ်ချုပ်ရုံးက ဖော်ပြထားတဲ့ ၅ နှစ်ဆက်တိုက် အရှုံးပေါ်နေတဲ့ စိုက်ပျိုးမွေးမြူရေး စခန်း ၅ ခုထဲက နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းက လွဲပြီး ကျန်လုပ်ငန်း ၄ ခုကို ရပ်နား ထားပြီလို့လည်း မြို့တော်ဝန်က ပြောပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေးဌာနရဲ့ လုပ်ငန်း ၁၅ ခု ဟာ ၅ နှစ် ဆက်တိုက် အရှုံးပေါ်နေခဲ့ပြီး အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေကို ဆက်လုပ်နေတယ်လို့ တိုင်း စာရင်းစစ်ချုပ်က အစီရင်ခံထားပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်ကို တင်သွင်းခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ဘဏ္ဍာရေး စည်းမျဉ်းနဲ့ မညီဘဲ စက်သုံးဆီတွေ ပိုဝယ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေမှာ သိုလှောင်တာတွေလည်း လုပ်နေတယ်လို့ ဆိုထားပါတယ်။
ကြက်မွေးမြူရေး၊ ဂေါက်ကွင်း၊ အပန်းဖြေလုပ်ငန်း၊ ပုဇွန်မွေးမြူရေး၊ စိုက်ပျိုးရေး၊ ဟိုတယ်လုပ်ငန်း စတဲ့ လုပ်ငန်းတွေဟာ ၂၀၁၂- ၁၃ ခုနှစ်က စလို့ ၂၀၁၆-၁၇ ခုနှစ်အထိ နှစ်တိုင်း အရှုံးတွေ ပို တိုးလာခဲ့ပြီး ဒီလုပ်ငန်းတွေအားလုံးရဲ့ ၅ နှစ်အတွင်း အရှုံးစုစုပေါင်းဟာ ကျပ်သိန်းပေါင်း ၁ သောင်းကျော် ရှိနေတာပါ။
ဒီဌာနတွေရဲ့ အရှုံးစာရင်း လျော့နည်းစေဖို့အတွက် စခန်းမှာ ရှိတဲ့ ဝန်ထမ်းတွေရဲ့ လစာကို စခန်းရဲ့ စာရင်းမှာ မထည့်ဘဲ ရုံးချုပ်ရဲ့ စာရင်းမှာပဲ ထည့်ထားတာကြောင့် အရှုံးသက်သာနေ သယောင် ဖြစ်နေတယ်လို့လည်း စာရင်းစစ်ချုပ်က ဆိုပါတယ်။