DVB Logo
Home
ဆောင်းပါး
အပြောင်းအလဲကို မြင်ရပြီဖြစ်တဲ့ မီဒီယာလောက
DVB
·
October 3, 2012
အပြောင်းအလဲကို မြင်ရပြီဖြစ်တဲ့ မီဒီယာလောက
Donate to DVB

လတ်တလော ရက်ပိုင်းတွေအတွင်း နိုင်ငံရေးလောကမှာ ဖြစ်ပေါ်ပြောင်းလဲမှု မျိုးစုံ တွေ့မြင်နေရသလို မီဒီယာလောကရဲ့ အပြောင်းအလဲတွေကိုလည်း စတင်မြင်တွေ့ရပြီလို့ ဆိုနိုင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အမေရိကန်ခရီးစဉ်ကို ဘယ်အချိန်တုန်းကနဲ့မှ မတူအောင် ရုပ်သံတွေကနေ တဆင့် မြန်မာပြည်သူတွေ ကြည့်ရှုနိုင်ကြပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒီဗွီဘီ ရုပ်သံကနေ တိုက်ရိုက်ရော၊ ပုံမှန်ပါ လွှင့်ထုတ်ပေးနေသလို သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂမှာ စကားပြောတာကိုလည်း ပထမ ဦးဆုံးအကြိမ်အဖြစ် ပြည်တွင်း ရုပ်သံလိုင်းတွေက တိုက်ရိုက် ထုတ်လွှင့်ပြသတာ တွေ့ရပါတယ်။ ထုတ်လွှင့်ရာမှာ အစိုးရပိုင် ရုပ်သံလိုင်းတွေတင်မက ပုဂ္ဂလိက တပိုင်းနဲ့ ပုဂ္ဂလိက ရုပ်သံလိုင်းတွေကပါ ထုတ်လွှင့်တာကလည်း ထူးခြားချက်တခုလို့ ဆိုနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အရင်တုန်းကဆိုရင် အစိုးရခေါင်းဆောင်ပိုင်းတွေ ခရီးထွက်တဲ့အခါ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာတာလောက်ကိုပဲ ရိုက်ပြနိုင်ပြီး ကျန်ခရီးစဉ်တခုလုံးကိုတော့ မြန်မာပြည် ပြန်ရောက်တဲ့ အချိန်ကျမှသာ ပြန်ပြသ နိုင်ခဲ့ပါတယ်။ ဒီအတွက် တချို့ခရီးစဉ်တွေဆို ၃-၄ ရက်၊ တချို့ ခရီးစဉ်တွေဆို ၁ ပတ်ကျော်လောက် နောက်ကျပြီးမှ ပြည်သူတွေ ကြည့်ခွင့်ရခဲ့တာပါ။

အလားတူပါပဲ၊ စာပေစိစစ်ရေးဌာနကနေ စာမူတွေကို ကြိုတင်စိစစ်တာ ရပ်ဆိုင်းလိုက်ပြီးတဲ့နောက်ပိုင်း အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်တွေရဲ့ ဖော်ပြမှု ပုံသဏ္ဌာန် ပြောင်းလဲလာတာ စတင်မြင်တွေ့လာရပြီ ဖြစ်ပါတယ်။ ကြိုတင် စိစစ်တားမြစ်မှုတွေ မရှိတော့တဲ့အတွက် ပြည်ပရုပ်သံ၊ ရေဒီယို၊ ၀က်ဘ်ဆိုက်တွေမှာ ဖော်ပြတာတွေနဲ့ ကွာခြားမှု တဖြည်းဖြည်း ကျဉ်းမြောင်းလာတာ တွေ့ရပါတယ်။ ပြောရရင် အရင်နဲ့မတူ ပြည်ပအခြေစိုက် မီဒီယာတွေ ဖော်ပြသမျှ အကြောင်းအရာ အားလုံးနီးပါး ပြည်တွင်းမှာ ဖော်ပြလာနိုင်တာ တွေ့ရ ပါတယ်။ ဒါတင်မက ဖော်ပြတဲ့ အကြောင်းအရာလည်း ဘက်ပေါင်းစုံလာတာ တွေ့ရပါတယ်။

ဂျာနယ်တချို့ဟာ ကြံ့ခိုင်ရေးပါတီ အမတ်တွေနဲ့ အင်တာဗျူးတွေ၊ ကြံ့ခိုင်ရေးပါတီ လှုပ်ရှားမှုတွေအကြောင်း တင်ပြကြသလို ဂျာနယ်တချို့ကတော့ အရင်တုန်းက တကြိမ်မှ ခွင့်ပြုချက် မရဖူးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်သန်းထွန်း အကြောင်း ဖော်ပြလာတာတွေလည်း တွေ့ရပါတယ်။ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းဖို့အတွက် လူငယ်လေးတယောက်ကို စစ်သားနဲ့ ရဲတွေက သတ်မယ်ဖြတ်မယ်၊ ခြိမ်းခြောက်ပြီး ရထားနဲ့ အကြိတ်ခံခိုင်းမယ် ဆိုတာမျိုး ဖော်ထုတ်ရေးသား လာနိုင်တာလည်း ဖတ်ကြရပါတယ်။

ဒါတင်မက ကျောင်းသားသမဂ္ဂ သမိုင်းရေးသားပြုစုလို့ ထောင်ကျခဲ့တဲ့ ဦးအောင်ထွန်းက ထောင်တွင်းမှာ သူညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်ထောက်လှမ်းရေးတာဝန်ခံ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်တို့နှစ်ယောက်က သူ့ကို တောင်းပန်ဖို့၊ ဒီလိုမှမဟုတ်ရင်  နိုင်ငံတကာ တရားမျှတမှုခုံရုံး (အိုင်စီစီ) ကို တိုင်မယ် ဆိုတာမျိုးအထိ ဖော်ပြလာနိုင်တာလည်း တွေ့ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေဟာ မီဒီယာလောကအတွက် အားရစရာ ကောင်းတဲ့ အပြောင်းအလဲတခုလို့လည်း ပြောနိုင်ပါတယ်။

နောက်ထပ် ထူးခြားတာက အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်တချို့ နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေဖို့ ပြင်ဆင်လာကြခြင်းပါ။ ၁၂ ဦးလောက် ရှိမယ့် ထုတ်ဝေသူတွေဟာ နေ့စဉ်သတင်းစာ ထုတ်ဝေနိုင်ဖို့အတွက် သတင်းထောက်၊ အယ်ဒီတာအပါအ၀င် လူသစ်တွေ ခေါ်ယူတာ၊ ပုံနှိပ်စက် ၀ယ်ယူတာ၊ ပိုပြီး ကျယ်ဝန်းတဲ့ အဆောက်အဦတွေကို ပြောင်းရွှေ့တာ စတာတွေ လုပ်လာကြပါပြီ။

အလားတူ ဖျက်သိမ်းတော့မယ့် စာပေစိစစ်ရေးနေရာမှာ အစားထိုးဖို့ ဖွဲ့တယ်ဆိုပြီး စာနယ်ဇင်းလောကသားတွေ ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတဲ့ စာနယ်ဇင်းကောင်စီ နေရာမှာလည်း အစိုးရဘက်နဲ့ စာနယ်ဇင်းသမားတွေ အပေးအယူ အလျှော့အတင်းလုပ်ပြီး စာနယ်ဇင်းလောက အကျိုးဆောင်ရွက်နိုင်မယ့် စာနယ်ဇင်းကောင်စီ ဆိုတာမျိုးကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါပြီ။ ထူးခြားချက်ကတော့ ဒီစာနယ်ဇင်းကောင်စီ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းဆောင်တာထဲမှာ အရင်တုန်းက ပြန်ကြားရေးဝန်ကြီးဌာနကပဲ ကြိတ်ပြီး ရေးဆွဲနေလို့ အားလုံးက ဝေဖန်ပြစ်တင်နေကြတဲ့ ပုံနှိပ်ဥပဒေမူကြမ်းကို အသစ် ပြန်လည်ရေးဆွဲခွင့် ရခြင်းပါပဲ။

ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနဟာ ကုလသမဂ္ဂ ယူနီဆက်ဖ် အကူအညီနဲ့ ရုပ်သံလွှင့်လုပ်ငန်းဆိုင်ရာ ဥပဒေမူကြမ်းတခု ရေးဆွဲဖို့ ပြင်ဆင်နေပါပြီ။ ဒီဥပဒေမူကြမ်း ရေးဆွဲတဲ့အခါ ထင်သာမြင်သာရှိအောင် လုပ်မယ်၊ ပြည်သူတွေအကျိုး၊ လူနည်းစု တိုင်းရင်းသားတွေ အကျိုးရှိအောင် ထည့်သွင်းရေးဆွဲမယ် ဆိုတာကိုလည်း ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကိုယ်တိုင် ပြောဆိုနေကြပါပြီ။

ဒါပေမယ့် ဒီဖြစ်ထွန်းတိုးတက်မှုတွေအားလုံးဟာ အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေ နည်းဥပဒေနဲ့အညီ ပြဋ္ဌာန်းပြီး ရရှိတဲ့ အခွင့်အရေးတွေလိုတော့ ခိုင်မာမှု မရှိသေးပါဘူး။ ဒီအတွက် နောက်ပိုင်း ရေးဆွဲပြဋ္ဌာန်းလာမယ့် ပုံနှိပ်ဥပဒေ၊ ရုပ်သံလွှင့်ဥပဒေ စတာတွေမှာ သတင်းရယူခွင့်အတွက် အာမခံချက်၊ သတင်းထောက်တွေရဲ့ အခွင့်အရေး၊ သတင်းရေးသားမှုအတွက် ကင်းလွတ်ခွင့် စတာတွေ တိတိကျကျ ရှိလာမှသာ မီဒီယာလောကဟာ တကယ့်ကို စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်လာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013