DVB Logo
Home
မြန်မာသတင်း
စစ်သားအဖြစ် အဓမ္မစုဆောင်းခံရသည့်ကိစ္စ အိုင်အယ်လ်အိုကိုတိုင်ကြား
DVB
·
October 3, 2012
စစ်သားအဖြစ် အဓမ္မစုဆောင်းခံရသည့်ကိစ္စ အိုင်အယ်လ်အိုကိုတိုင်ကြား
Donate to DVB

တပ်မတော်သားတဦးက လူငယ် ၂ ဦးကို တပ်တွင်း အဓမ္မသွတ်သွင်းတဲ့အတွက် တပ်ကနေ ပြန်ထွက်ခွင့်ရဖို့အရေး ဖခင်က ရန်ကုန်အခြေစိုက် အိုင်အယ်လ်အို ဆက်ဆံရေးရုံးကို တိုင်ကြားပါတယ်။

ပဲခူးတိုင်း မင်းလှမြို့နယ် ပေပင်တန်းရွာက အသက် ၁၉ နှစ် အရွယ်တွေဖြစ်တဲ့ မောင်အောင်ကျော်ဦးနဲ့ မောင်စိုးမြင့်ထိုက်တို့ ညီအစ်ကိုဝမ်းကွဲ ၂ ဦးဟာ ဒီနှစ်ဧပြီလဆန်းက ရန်ကုန်က အဒေါ်အိမ်ကို သွားရောက်ရာမှာ ရန်ကုန်ဘူတာကြီးမှာ တပ်ကြပ်ကြီး တင်မောင်ကြည်က စစ်တပ်ထဲကို အတင်းသွတ်သွင်းခဲ့တာလို့ မောင်အောင်ကျော်ဦးရဲ့ ဖခင် ဦးလှအေးက ပြောပါတယ်။

“ကလေးတွေ ညီအစ်ကို ၂ ယောက် ရန်ကုန်ကိုသွားတာ ဘူတာမှာ ဆွဲပြီး ရိုက်ပုတ်ခေါ်သွားပါတယ်။ အသက် ၁၉ နှစ်တွေ။ တပ်ကြပ်ကြီး တင်မောင်ကြည် ဆွဲသွင်းလိုက်တာ။ ကလေးတွေကလည်း မနေချင်ဘူးတဲ့ ငိုယိုနေတယ်။ အောင်ကျော်ဦးအမေကလည်း အသည်းအသန်ဖြစ်နေတယ်။ အသေဘက်ကများတယ်။ အခက်အခဲတွေလည်း တွေ့နေတော့ ကျနော်တို့မှာ မလိုက်နိုင်ဘူးဖြစ်နေတယ်။”

သူတို့ ၂ ဦးကို တပ်ထဲအတင်းဝင်ခိုင်းတယ်ဆိုတာ ကြားသိရလို့ ရက်ပိုင်းအတွင်း ဘူတာကြီးကိုလိုက်သွားပြီး ပြန်ခေါ်ဖို့ ကြိုစားပေမယ့် တပ်ကြပ်ကြီး တင်မောင်ကြည်က ခြိမ်းခြောက်တဲ့ အတွက် ပြန်ခဲ့ရတယ်လို့ ဦးလှအေးက ဆိုပါတယ်။

“ကလေးတွေအကြောင်းကြားလို့ သတင်းရလို့ လိုက်သွားတော့ ဦးတင်မောင်ကြည်ဆီရောက်တော့ ကလေးတွေကို ဖွက်ထားတယ်။ ကျနော်တို့ကို မပြဘူး။ ကျနော်က သတင်းရလို့ လိုက်တာပြောတော့ ကျနော့်ကို ရိုက်ပုတ်မယ်လုပ်လို့ ကြောက်ပြီးပြန်ပြေးလာရတယ်။”

တနေ့လုပ် တနေ့စားဘ၀မို့ ဒီကိစ္စကို အမှုဖွင့်တာ တရားစွဲဆိုတာတော့ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ အကြီးဆုံးသားဖြစ်တဲ့ မောင်အောင်ကျော်ဦးကို မိသားစုဝင်  ၈ ဦးရဲ့နေ့စဉ်ကုန်ကျစရိတ်ကာမိအောင် အားကိုးနေရရာက အခုတော့ ၀င်ငွေခက်ခဲနေတယ်လို့ ဆိုပါတယ်။

သူတို့ ညီအစ်ကိုဟာ အခု မန္တလေးတိုင်း သပိတ်ကျဉ်းမြို့နယ် တပ်မတော်လေ့ကျင့်ရေးကျောင်း အမှတ် ၈ မှာ ရောက်နေပြီး အိမ်ကိုဖုန်းဆက်ပြီး လာခေါ်ဖို့ ဆက်သွယ်လာတယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို အကူအညီပေးဖို့ ရန်ကုန်မှာရှိတဲ့ အိုင်အယ်လ်အို ဆက်ဆံရေးကွန်ရက်က ဦးသက်ဝေရဲ့အကူအညီနဲ့ အိုင်အယ်လ်အိုဆက်ဆံရေးရုံးကို သွားရောက် တိုင်ကြားကြတာဖြစ်ပါတယ်။

အစိုးရက အရွယ်မရောက်သေးသူတွေနဲ့ မိမိဆန္ဒအလျောက် ၀င်ရောက်လိုခြင်း မရှိသူတွေကို အတင်းအကျပ် စစ်သားစုဆောင်းတာမလုပ်ဖို့ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် အမိန့်ထုတ်ပြန်ထားပြီးဖြစ်သလို ကျူးလွန်သူတွေကို အရပ်ဘက်တရားရုံးတွေမှာ စစ်ဆေးဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ လပိုင်းကလည်း တပ်မတော်က အရွယ်မရောက်သေးဘဲ တပ်တွင်းရောက်ရှိနေတဲ့ ကလေးစစ်သား ၄၀ ကျော်ကို မိဘတွေထံ ပြန်အပ်နှံခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013