နှစ်ရက်အတွင်း ကြည့်ရှုသူ ၁ သန်းကျော်ရှိနေသည့် ဒစ္စနေးနာမည်ကြီးရုပ်ရှင် The Lion King (နမူနာ)

ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့ အသစ်မွမ်းမံ တင်ဆက်လိုက်တဲ့ The Lion King ရုပ်ရှင်ကား Trailer ဟာ ထွက်ရှိပြီး ၂ ရက်အတွင်းမှာတင် ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော်သွားခဲ့ပါတယ်။ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ ဝေါ့ဒစ္စနေးကုမ္ပဏီက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ဂျွန်ဖက်ဗရိုက တာဝန်ယူ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ နာမည်ကြီး ရုပ်ပြစာအုပ် The Jungle Book ကို အခြေခံပြီး ဖန်တီးရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ကားကို ၁၉၉၄ ခုနှစ်မှာ ပထမဆုံး ရုံတင်ပြသခဲ့ပြီး အောင်မြင်မှုရှိခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ခုတခါ အသစ်မွမ်းမံ တင်ဆက်လိုက်တဲ့ ရုပ်ရှင်ကားကိုတော့ လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကမ္ဘာတဝှမ်း ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။ ဒီရုပ်ရှင်ကား Trailer ကိုတော့ အော်စကာ အကယ်ဒမီထူးချွန်ဆုပေးပွဲ ကျင်းပနေချိန်နဲ့ တိုက်ဆိုင် ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသား မင်းသမီးတွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပြီး တောဘုရင်အရိုက်အရာ ဆက်ခံမယ့် ခြင်္သေ့မင်းသားလေး Simba နေရာမှာ သရုပ်ဆောင်မင်းသား ဒေါ်နယ်လ်ဒ်ဂလိုဗာက ခေါင်းဆောင်ပါဝင်ထားပြီး အဆိုတော် သရုပ်ဆောင်မင်းသမီး ဘီယွန်းစေးကတော့ Simba ရဲ့ ငယ်သူငယ်ချင်း၊ နောက်ပိုင်းမှာတော့ ချစ်သူဖြစ်လာတဲ့ ခြင်္သေ့မလေး Nala အဖြစ် ပါဝင်ထားခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်ကတည်းက ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကားဟာ Box Office မှာ လက်ရှိအချိန်ထိ ဝင်ငွေ ၉၆၈ ဒသမ ၅ သန်း ရရှိခဲ့တာမို့ မကြာခင် ရုံတင်တော့မယ့် ဒုတိယမြောက် ရုပ်ရှင်ကားက အရင်ရုပ်ရှင်ကားကို မီပါ့မလား၊ ရုံတင်ဝင်ငွေ စံချိန်ချိုးနိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up