Home
မြန်မာသတင်း
နာဂဒေသ၌ ကသည်း လက်နက်ကိုင်အဖွဲ့ကို ခိုလှုံခွင့်မပြုရန် ဆွေးနွေးမည်
ပိုင်စိုး
·
February 26, 2019
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကသည်း၊ အာသံ လက်နက်ကိုင်အဖွဲ့တွေကို ခိုလှုံခွင့်မပြုဖို့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)ကို ဆွေးနွေးသွားမယ်လို့ နာဂ အရပ်ဖက်အဖွဲ့ အစည်းတွေက ဆုံးဖြတ်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၃ နဲ့ ၂၄ ရက်က ခန္တီးမြို့မှာပြုလုပ်တဲ့ နာဂရိုးရာ စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့တွေ၊ အရပ်ဖက် နာဂအဖွဲ့အစည်းတွေပါတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲက ဆုံးဖြတ်လိုက်တာပါ။ ဒီဆွေးနွေးပွဲကနေ နာဂ ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။ ကော်မတီ ဥက္ကဋ္ဌ ကိုအောင်ထွဋ်က “ကသည်းတွေကို ခိုလှုံခွင့်မပေးဖို့ NSCN-K နဲ့ ကျနော်တို့တွေ့ပြီး ညှိနှိုင်းရမှာဗျ။ အဲဒါမှသာ အဆင်ပြေမှာလေ။ အခုက အစိုးရတပ်က NSCN-K အဝန်းအဝိုင်းမှာ ကသည်းနဲ့ မဏိပူရ်တွေ ရှိတယ်ဆိုပြီး လုပ်တာကိုး။ ပြည်သူတွေရဲ့ ဆန္ဒကိုတော့ သူတို့လည်း အလေးအနက်ထားရမှာပဲဗျ” လို့ ပြောပါတယ်။ တကယ်သာတိုက်ပွဲဖြစ်ရင် နာဂဒေသတခုလုံးကို ရိုက်ခတ်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေး လည်းခက်ခဲလို့ စစ်ဘေးရှောင်တွေ ဖြစ်လာရင် ပိုပြီး ခက်ခဲမယ်လို့လည်း သူက ပြောပါတယ်။ ဒါကြောင့် NSCN-K နဲ့ အမြန်ဆုံးစေ့စပ်ညှိနှိုင်းသွားဖို့ သူတို့ စီစဉ်နေပါတယ်။ “NSCN-K ကို တင်ပြတောင်းဆိုပြီးရင်တော့ လက်နက်ကိုင်အဖွဲ့တွေကြားမှာ စစ်မက် မဖြစ်ပွားဖို့အတွက် နိုင်ငံတော်အဆင့်ကို တင်ပြရမှာပေါ့။ အခုက အစိုးရတပ်တွေက နေရာတိုင်းမှာ အင်အားတိုးနေတယ်” လို့ ကိုအောင်ထွဋ်ကပြောပါတယ်။ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အိန္ဒိယနိုင်ငံကို ဆန့်ကျင်နေတဲ့ ဘယ်အဖွဲ့ကိုမှ အခြေချ နေထိုင်ခွင့်ပြုမှာမဟုတ်ဘဲ တပ်မတော်စစ်ကြောင်းတွေအနေနဲ့ နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေးလုပ်ငန်းတွေ ဆက်ပြီးဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024