၁၃၀၀ ပြည့်အာဇာနည် ၁၇ ဦး၏ နှစ် ၈၀ ပြည့် အထိမ်းအမှတ် မန္တလေးတွင် ကျင်းပ
Aung Aung Naing
·
February 26, 2019
မန္တလေးတိုင်း၊ အမရပူရမြို့ တမ္ပဝတီ သူကြွယ်ကုန်းရပ်ကွက်ရှိ အာဇာနည် ဂူဗိမ္မာန်မှာ ၁၃၀၀ ပြည့် အာဇာနည်ခေါင်းဆောင် ၁၇ ဦးရဲ့ ၈၀ နှစ်မြောက် အထိမ်းအမှတ်ပွဲကို ဒီကနေ့ မနက်က ကျင်းပပါတယ်။
အထက်ဗမာပြည် တောင်သူလယ်သမားသမဂ္ဂအတွင်းရေးမှူး ကိုအေးသိန်းက “တိုင်းပြည် လွတ်လပ်ရေးအတွက် တောင်သူလယ်သမားထု၊ အလုပ်သမားထု၊ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေဟာ လက်ချင်းချိတ်ပြီး ကိုလိုနီနယ်ချဲ့အစိုးရကို တနိုင်ငံလုံးအတွက် ကိုယ်စားပြုပြီး မန္တလေးအာဇာနည် ၁၇ ဦးက စတင်ပြီး တော်လှန်ခဲ့တဲ့ သွေးမြေကျခဲ့တဲ့နေ့ဟာလည်း ဒီနေ့ပါပဲ။ နှစ်ပေါင်း ၈၀ ကြာခဲ့ပေမယ့် ကျနော်တို့ အထက်ဗမာပြည်တောင်သူ လယ်သမားထုအနေနဲ့ အာဇာနည် ၁၇ ဦးကို ချီတက်အလေးပြုရတာပါ” လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ က တိုင်းပြည်နဲ့လူမျိုး ဘာသာသာသနာအတွက် အသက်ပေး ခဲ့ကြတဲ့ အာဇာနည် ၁၇ ဦးကို သတိရအောက်မေ့ပြီး ဂုဏ်ပြုလွမ်းသူပန်းခွေချက ဦးညွတ်ဂုဏ်ပြု ခဲ့ကြပါတယ်။
၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်ဟာ မန္တလေးမြို့် လမ်း ၈၀ ၂၆လမ်းထောင့်မှာ ဗြိတိသျှကိုလိုနီအစိုးရရဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ အာဇာနည် ၁၇ ရဲ့ နှစ် ၈၀ မြောက်နေ့ အထိမ်း အမှတ်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
မန္တလေးတိုင်း အမျိုးသမီးကော်မတီ၊ ရှေ့နေများကွန်ရက်၊ အန်ဂျီအိုတွေ၊ လူမှု အဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေ၊ ပြည်သူ့ပါတီနဲ့ တောင်သူလယ်သမားသမဂ္ဂတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက တက်ရောက်ပြီး သံဃာ ၁၇ ပါးကို ဆွမ်းကပ်ပြီး ရေစက်ချအမျှဝေခဲ့ကြပါတယ်။