DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆို
DVB
·
October 2, 2012
Donate to DVB

ကယားပြည်နယ်ထဲမှာ အစိုးရနဲ့ အကျိုးတူကုမ္ပဏီတွေ လာရောက်ပြီး  ဒေသဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်တဲ့ခါမှာ ပွင့်လင်းမြင်သာရှိဖို့နဲ့ ဒေသခံရွာသားတွေရဲ့ သဘောထား မေးမြန်းဖို့ လိုကြောင်း ကရင်နီ လူမှုအဖွဲ့အစည်း ကွန်ရက်အဖွဲ့က  ဒီနေ့ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး  တောင်းဆိုလိုက်ပါတယ်။

ဒေသထဲမှာ ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်မယ်ဆိုရင် ပွင့်လင်းမြင်သာရှိဖို့ လူထုအဖွဲ့အစည်းတွေက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ကို တောင်းဆိုခဲ့ကြပြီး ကေအန်ပီပီကလည်း အစိုးရနဲ့ အပစ်အခတ်ရပ်ရေး ဆွေးနွေး စဉ်က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့မှာ အစိုးရတပ်က စီမံကိန်းနေရာကို ကြည့်ရှုလေ့လာ ခွင့်မပြုတာဟာ   ငြိမ်းချမ်းရေး လမ်းစဉ်ကို လျှော့ရဲစေတယ်လို့ ကရင်နီလူမှုကွန်ယက်အဖွဲ့ဝင် ခွန်းမီရယ်က ပြောပါတယ်။

“ကျနော်တို့လူထုအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့အခါ လူထုရဲ့ သဘောထားမပါဘဲနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေ လုပ်ရင် အခုလောလောဆယ် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ပျက်ပြားစေနိုင်တာပေါ့။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ကနေ  ၂၆ ရက်နေ့ထိ သူတို့အဖွဲ့က လူ ၄ ဦးဟာ ဘော်လခဲမြို့ ရွာသစ်ရေအားလျှပ်စစ် စီမံကိန်းအတွက် ရေကာတာဆောက်လုပ်နေမှုကို သွားရောက်လေ့လာရာမှာ တာဝန်ကျ လုံခြုံရေးတပ်က ၀င်ခွင့်မပြုခဲ့တဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်တာလို့ ခွန်းမီရယ်က ဆိုပါတယ်။

ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ဆောင်မယ်ဆိုရင်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ပြီးမှ လုပ်ဆောင်သင့်သလို ဒေသခံပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားတွေ ကောက်ယူညှိနှိုင်းပြီးကာမှ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

အရင် လောပိတရေအားလျှပ်စစ် တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံအရ  ရွာတွေရွှေ့ပြောင်းခံရတာ၊ ဘီလူးချောင်းဘေးက   ကျေးရွာနဲ့လယ်မြေတွေ နှစ်စဉ်  ရေလွှမ်းမိုးခံနေရတာကြောင့် ရွာသားတွေက ရွာသစ်ရေကာတာကို မဆောက်စေလိုကြဘူးလို့ ခွန်းမီရယ်က ပြောပါတယ်။

ရန်ကုန် ကျောက်တံတားမြို့နယ် စီးတီးစတားဟိုတယ်မှာ ညနေ ၂ နာရီကနေ ၄ နာရီထိ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရပိုင် သတင်းဌာနအပါအ၀င် စာနယ်ဇင်း သတင်းမီဒီယာသမား ၅၀ လောက် တက်ရောက် သတင်းယူခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013