Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး အာဃာတတွေမထားဘဲ ချစ်ချစ်ခင်ခင် ပါဝင်ပေးရန် ဦးထွန်းထွန်းဟိန်း တိုက်တွန်း
နေဖြိုးဝင်း
·
February 25, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေးကို အာဃာတတွေ မထားကြဘဲ၊ အမုန်းစကားတွေမပြောကြဘဲ ချစ်ချစ်ခင်ခင် ပါဝင်ပေးကြဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။ နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီ ဒုတိယအကြိမ်မြေက် အစည်းဝေးမှာ ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အခုလို တိုက်တွန်းတာပါ။ “ကျနော်တို့ဟာ ပါတီပေါင်းစုံပါဝင်နေကြတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ လည်း ပါတယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေလည်းပါတယ်။ ဒါတွေက ပြည်ထောင်စုလွှတ်တော်ကြီးကနေ ကျနော်တို့ကို တာဝန်ပေးလိုက်လို့ ဒီမှာ စုံနေတာပါ။ ဒီကနေပြီး ကျနော်တို့က ဘယ်အချက်တွေ ဘယ်အချက်တွေ အစုအဖွဲ့လိုက်၊ ပါဝင်တဲ့ကိုယ်စားလှယ်တွေအလိုက် ဆွေးနွေးတင်ပြခွင့် ရကြမှာပါ။ အားလုံးကိုလည်း မေတ္တာ ရပ်ခံချင်ပါတယ်။ အားလုံးကိုလည်း ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင် အာဃာတတရားတွေ မထားကြဘဲ၊ အမုန်းစကားတွေမပြောကြဘဲ မပြောကြဘဲ  ပျော်ပျော်ရွှင်ရွှင် ညီညီညာညာ ပါဝင်ပေးကြဖို့ တိုက်တွန်းတာပါ။” ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဦးဆောင်မယ့် ပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော် ဒုနာယက ဦးထွန်းထွန်းဟိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပုဂ္ဂိုလ် ၄၅ ဦးနဲ့ ဖွဲ့စည်းထားတာပါ။ ပူးပေါင်းကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာတွေ့ရှိချက် အစီရင်ခံစာနဲ့ ပြင်ဆင်မယ့် ဥပဒေကြမ်းတို့ကို ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြီး ၅ လအတွင်း အပြီးရေးဆွဲကာ လွှတ်တော် နာယကထံ တင်ပြရမှာလည်းဖြစ်ပါတယ်။ “ကျနော်တို့က တကယ့်တကယ့်ပြောမယ်ဆိုရင်တော့ အချိန်က ၅ လတာသာ ရပါတယ်။ ရတဲ့အတွက်ကြောင့် ကျနော်တို့ ဒီကာလအတွင်းမှာ  အချိန်မီပြီးစီးအောင် ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်” လို့ ဦးထွန်းထွန်းဟိန်းက ပြောပါတယ်။ ဒီအစည်းဝေးမှာ ပြည်ပခရီးစဉ်သွားနေတဲ့ တပ်မတော်သားအစုအဖွဲ့က ကိုယ်စားလှယ် နှစ်ဦးနဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တဦးကလွဲပြီး အားလုံး တက်ရောက်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024