မြင်းလှည်းအစ ဘုံပြတ်ကလား (သုတကဖေး)

“ခင်…မြင်းလှည်းလေးနဲ့ တူပျော်ပျော် …. ဘုရားပွဲတော်သွားစို့နော်..” ဆိုတဲ့သီချင်းကို မြင်းလှည်းဆရာက တိုးညင်းညင်း ဖွင့်ပေးထားတယ်။ မေမြို့အခေါ်က ရထားလုံး။ မော်လမြိုင်နဲ့ မြေလတ်ကတော့ ဘုံပြတ်ပေါ့။ တနိုင်ငံလုံး အခေါ်ကတော့ မြင်းလှည်းပါ။ ပုဂံ၊ မေမြို့နဲ့ နယ်မြို့တွေကိုရောက်တိုင်း ပျောက်ကွယ်လုနီးဖြစ်နေတဲ့ မြင်းလှည်းကို စီးလေ့ရှိပါတယ်။ ဈေးအနည်းငယ်ပိုပေမယ့် စီးဖြစ်ခဲ့ပါတယ်။ ဒီလို စီးဖြစ်တိုင်းလည်း “မြင်းလှည်းအစ  ဘယ်ကလဲ။ ဘယ်အချိန်က မြင်းလှည်း မြန်မာတို့ဆီ ရောက်ခဲ့သလဲ” ဆိုတာကို စိတ်အတွေးဝင်လေ့ရှိပါတယ်။ ဗမာဘုရင်တွေ လက်ထက်ကာလတွေကတော့ မြန်မာသယ်ယူပို့ဆောင်ရေးအဖြစ် လှည်းကိုပဲ အသုံးပြုခဲ့တာ။ ဘုရင်တွေ မင်းညီမင်းသားတွေတော့ ဆင်၊ မြင်းနဲ့ လူထမ်းတဲ့ဝေါတို့ကိုပဲ သုံးခဲ့တာ။ ဗမာတွေက လူစီးလှည်းကိုတော့ လှည်းယာဉ်လို့ ခေါ်ခဲ့ကြတယ်။ အောက်ဗမာပြည်ကို အင်္ဂလိပ်သိမ်းတော့ ထားဝယ်ကနေ သိမ်းယူသွားတဲ့ ထားဝယ်မြို့ဝန်ရဲ့ ရတနာခြယ်ထားတဲ့ လှည်းယာဉ်တစီးဟာ အခုထိ ဗြိတိသျှပြတိုက်မှာ ရှိနေဆဲပါ။ ဒါ မြန်မာတို့ရဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ပေါ့။ မန္တလေး မေမြို့တို့မှာတော့ ၁၈၈၆ အထက်ဗမာပြည် အင်္ဂလိပ်လက်အောက်ရောက်မှ အင်္ဂလိပ်တွေသုံးတဲ့ ရထားလုံး ရောက်လာတယ်လို့ မှတ်သားရဖူးတယ်။ လူထုဒေါ်အမာကတော့ သူ့ရဲ့ အမေ့ရှေးစကားမှာ “ဓာတ်ရထားနဲ့အပြိုင် ဘိလပ်ရေစက်ရုံ ပေါ်လာတော့ (၁၉၀၄) ဘိလပ်ရေသယ်ဖို့ 'တန်ကား' လို့ခေါ်တဲ့ ပို့ဆောင်ရေးယာဉ်ရှိတယ်။ ဒီတုန်းက ကားမပေါ်သေးဘူး။ 'တန်ကား' ဆိုတာ ဘိလပ်ရေပုလင်းတွေတင်ပြီး မြို့တွင်းကဆိုင်တွေကို လိုက်ပို့တဲ့ လေးဘီးတပ် မြင်းတကောင်ဆွဲ ကုန်တင်ယာဉ်ပေါ့” လို့ ပြောခဲ့ဖူးတယ်။ မြင်းလှည်းကတော့ ၁၈၈၅ ကတည်းက အင်္ဂလိပ်အရာရှိတွေ စီးနေပြီလို့ ဆိုကြပါတယ်။ မန္တလေးကတဆင့် ၁၈၈၆ ထဲမှာ မေမြို့ကိုရောက်တယ်လို့ သက်ကြီးစကား သက်ငယ်ကြားခဲ့ဖူးရဲ့။ အချို့မှတ်တမ်းတွေမှာတော့ ၁၈၃၇ ကနေ ၁၈၄၇ အထိ ရန်ကုန်မြို့မှာ အိန္ဒိယကလာတဲ့ ရထားလုံးတွေကို အသုံးပြုခဲ့ကြတယ်လို့ တွေ့ရတယ်။ သေချာတာတချက်ကတော့ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ နောက်ပိုင်းမှ မြင်းလှည်းရောက်ရှိလာဟန်ပါပဲ။ ပထမ အင်္ဂလိပ်-မြန်မာစစ်လို့  ပြောလိုက်တဲ့အတွက် တနင်္သာရီနဲ့ ရခိုင်ဘက် လှည့်ကြည့်မိတယ်။ ဆရာအံ့ကျော်ရဲ့ “မော်လမြိုင် ရွှေတောင်ကျောင်းတိုက်သမိုင်း” ကို ရည်ညွှန်းပြောရရင်….။ မြင်းလှည်းအစ ဘုံပြတ်ကပါ။ ဘုံပြတ်အစကိုရှာတော့.. “ဘုံပြတ်အစ ဘုံပြန်နဲ့ ဘုံဆောင်ကလို့ပဲ ဆိုရမှာ။ ဒါတွေအားလုံး အစက ဦးအလီဆိုသူအကြောင်း ပြောမှ ပြည့်စုံမှာပါ။ ဦးအလီဆိုတာက အိန္ဒိယနိုင်ငံသားပေါ့။ သူ့အဖေက အင်္ဂလိပ်-မြန်မာ ပထမစစ်မှာ အင်္ဂလိပ်တို့နဲ့အတူ ပါလာတဲ့ စစ်သားတယောက်။ စစ်ကြီးပြီးတော့ အိန္ဒိယကို မပြန်တော့ဘဲ မော်လမြိုင်မှာ အခြေချနေထိုင်ခဲ့တာ။ ဦးအလီ အရွယ်ရောက်တော့ သူ့အိမ်နဲ့ကပ်ရက် ရွှေပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှာ ပညာသင်ခဲ့တာ။ ဆရာတော်ဆီက မြန်မာစာပေ၊ မွန်စာပေသာမက မြန်မာသီချင်းကြီး သီချင်းခန့်နဲ့ ရတု ကဗျာ အလင်္ကာဖွဲ့နည်းတို့ သင်ယူတတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးအလီက အင်္ဂလိပ်၊ မြန်မာ၊ မွန်၊ ကုလားစကားလည်း တတ်တော့ မော်လမြိုင်အရေးပိုင်ရုံးမှာ ဘိလစ်စာရေး အလုပ်ရတယ်။ ဒ့ါအပြင် အလှူမင်္ဂလာဆောင်ဖိတ်စာတွေကို ရတုလိုရေးပေးတဲ့ အလုပ်လည်း လုပ်တယ်။ ဘိလစ်စာရေး လုပ်ရာကနေ ရှေ့နေလုပ်ခွင့် အင်္ဂလိပ်ဆီ လျှောက်တယ်။ အဲ့ဒီခေတ်က ရှေ့နေတွေက ဘိလပ်က ရှေ့နေဆိုတော့ မြန်မာလို မွန်လို စကားကလည်း မပေါက်။ ဒီတော့အမှုသည်တွေဟာ ရှေ့နေခအပြင် ဘာသာပြန်ခပါ ပေးရတာဆိုတော့ ငွေကုန်ကြေးကျများတာကို ထောက်ထားပြီး ဦးအလီကို အစမ်းခန့်ရှေ့နေအဖြစ် တနှစ်ခန့်ထားလိုက်တယ်။ သူ ရှေ့နေဖြစ်တာက ၁၈၇၀ လောက်မှာပါ။ ရှေ့နေဖြစ်ပြီဆိုတော့ သူ့အိမ်မှာ လူဝင်လူထွက်များလာတယ်။ ရပ်နီးရပ်ဝေး အမှုသည် အစုံစုံပေါ့။ အချို့လည်း ညအိပ်ညနေ လာကြရတာကိုး။ ဧည့်သည်တွေက ကျိုက်မရော၊ မုဒုံကလည်း ပါရဲ့။ အဲဒီခေတ်က ကျိုက်မရော၊ မုဒုံတို့ကနေ မော်လမြိုင်ကိုလာရင် လမ်းမှာ တညအိပ်ရတော့ အန္တရာယ်များလွန်းတယ်။ ဒါကြောင့် ဦးအလီက ဘီးလေးဘီးတပ် မြင်းနှစ်ကောင်ဆွဲတဲ့ မြင်းရထားနှစ်စီးကို ဖန်တီးလိုက်တယ်။ တစီးက မော်လမြိုင်-မုဒုံ ပြေးဆွဲပြီး နောက်တစီးကတော့ မော်လမြိုင်-ကျိုက်မရော ပြေးဆွဲခဲ့တယ်။ အဲ့ဒီ မြင်းရထားနှစ်စီးကို “ဘုံပြန်နဲ့ ဘုံဆောင်” လို့ အမည်ပေးလိုက်တယ်။ ဒီလိုနဲ့ ဦးအလီ အရွယ်ကျလာတော့ ဘုံပြန်နဲ့ ဘုံဆောင် နှစ်စီးကို မွေးစားသားနှစ်ယောက်ကို တယောက်တစီး အမွေပေးလိုက်သတဲ့။ သားနှစ်ယောက်က မြင်းနှစ်ကောင်ကရတဲ့ ရထားတစီးကို မစောင့်ရှာက်နိုင်တာကြောင့် ဦးအလီရဲ့ သဘောတူညီချက်နဲ့ ရထားနှစ်စီးစလုံးကို အလယ်ကနေဖြတ်ပြီး မြင်းတကောင်ဆွဲ မြင်းလှည်းလေးစီးအဖြစ် အသွင်ပြောင်းလိုက်တယ်။ သားနှစ်ယောက်က အဲ့ဒီမြင်းနှစ်ကောင်က “ရထား (၄) စီးကို ဘယ်လိုအမည်ပေးရမလဲ” လို့မေးတော့ ဦးအလီက ရထားကို အလယ်ကဖြတ်ထားလို့ “ဘုံပြတ်” လို့ ပေးလိုက်ကွာလို့ ပြောရာကနေ အခုထိ ဘုံပြတ်လို့ပဲ အချို့နေရာတွေမှာ ခေါ်နေကြဆဲရှိတာကို တွေ့ရပါတယ်။ ဘုံဆောင်နဲ့ ဘုံပြန် ပေါ်တာက ၁၈၇၁ လောက်ကလို့ ခန့်မှန်းပြောရင် ရမယ်ထင်ပါတယ်။ ဘုံပြတ်ပေါ်တာက ၁၉၀၅ ဝန်းကျင်လို့ ပြောရင် ရနိုင်မယ်ထင်ပါရဲ့။ ဦးအလီသေတာက ၁၉၀၇ ထဲမှာပါ။ အဲ့ဒီကနေ မြန်မာတပြည်လုံးကို ပျံ့နှံ့သွားတယ်လို့ ယူဆနိုင်ပါတယ်။ ရမည်းသင်းမြို့ မှတ်တမ်းအရဆိုရင် ရမည်းသင်း ဘုံပြတ်တွေဟာ ၁၉၀၅ အထိ အမိုးမပါဘူးလို့ ဆိုပါတယ်။ ၁၉၀၅ ခုနှစ်ထဲမှာတော့ ရန်ကုန်မြို့မှာ မော်တော်ကား ရောက်ရှိနေပြီလို့ မြူနီစီပါယ် မှတ်တမ်းတွေအရ သိရပါတယ်။ ဒါကြောင့် အချို့သောမှတ်တမ်းတွေက မြင်းလှည်းအစ ဘုံပြတ်ကလို့ ခေါ်ဆိုကြောင်းကို အတည်ပြုခဲ့ကြပါတယ်။ ဘုံပြတ်လို့ပဲခေါ်ခေါ် ရထားလုံးလို့ပဲသုံးသုံး မြင်းလှည်းလို့ ဆိုချင်လည်းဆိုတော့ အဲ့ဒီ လူစီးမြင်းရထားကြီးကတော့ မော်တော်ကားကို အံတုဖက်ပြိုင် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ အငှားကားတွေ တုတ်တုတ်ခေါ် တရုတ်ထော်လာဂျီတွေနဲ့ ဆိုင်ကယ် ကယ်ရီတွေကိုတော့ အံတုနိုင်စွမ်း မရှိပေမယ့် ရိုးရာအမွေအနှစ်အဖြစ် ရှိနေဦးမှာပါ။ ဘာပဲဖြစ်ဖြစ် မြင်းလှည်းအစ ဘုံပြတ်ကဆိုတာကိုတော့ အခုထိ လက်ခံနေကြဆဲ ဖြစ်ပါတယ်။ ဆရာဋ္ဌေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up