အာရှနဂါး အထည်ချုပ်စက်ရုံမှ အလုပ်သမားချင်း ဆန္ဒပြမှုကို သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ၀င်ရောက် ညှိနှိုင်းဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။
မနေ့က အာရှနဂါး အထည်ချုပ်စက်ရုံတွင်းမှ အင်အားများ အလုပ်သမားအဖွဲ့က အင်အားနည်း အလုပ်သမားအဖွဲ့ကို အလုပ်မှထုတ်ပစ်ပေးဖို့ ဆန္ဒပြမှုကနေ အကြောင်းအရာ ပြောင်းလိုက်ပြီး အင်အားနည်း အလုပ်သမားအဖွဲ့ဘက်က တောင်းဆိုထားချက် ၁၁ ချက်ကို စက်ရုံပိုင်ရှင်ဘက်က တချို့အချက်တွေ လိုက်လျောပေးလိုက်ပါတယ်။
မြို့နယ်အလုပ်သမားရုံး ဦးစီးအရာရှိ ဦးစောစိုးတင့်၊ အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးမျိုးအောင်၊ အိုင်အယ်လ်အိုရုံးမှ မစ္စတာ ၀ီလ်ဆင်နဲ့ အလုပ်ရှင်တို့ ဆွေးနွေး ညှိနှိုင်းခဲ့ပြီးနောက် အခုလို လိုက်လျောပေးတာလို့ အင်အားနည်း အလုပ်သမားတွေနဲ့ အတူ စောင့်ကြည့်ခဲ့သူတဦးက ပြောပါတယ်။
စက်ရုံတွင်း ဥာဏ်လင်းအောင် ဦးဆောင်တဲ့ အလုပ်သမားအဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က အလုပ်သမားတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးနဲ့ လစာတွေအပေါ် အခြေခံထားတဲ့ တောင်းဆိုချက် ၁၁ ချက်ကို တင်ပြခဲ့ပြီး၊ အလုပ်ရှင်ဘက်ကလည်း မလိုက်လျောနိုင်ကြောင်း စာနဲ့ ပြန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီတောင်းဆိုချက် ကိစ္စနဲ့ ပတ်သက်ပြီး စက်ရုံပိုင်ရှင်ရဲ့မိခင် ဒေါ်ဝင်းက လိုင်းကြပ်စူပါတွေကို စက်တင်ဘာ ၃၀ ရက်နေ့ သူ့အိမ်မှာ စုဝေး ခေါ်တွေ့ခဲ့ပြီးနောက် အလုပ်သမားအဖွဲ့အချင်းချင်း ဆန္ဒပြမှုတွေ ဖြစ်လာတာလို့ ကိုဥာဏ်လင်းအောင်အဖွဲ့မှ အလုပ်သမတဦးက ပြောပါတယ်။
ကိုဥာဏ်လင်းအောင်အဖွဲ့ကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုတဲ့ မိုးလင်း တို့အဖွဲ့က တုတ်တွေ၊ ဗီနိုင်းတွေ အသင့် ကိုင်ဆောင်ထားပြီး အော်ဟစ်ဆဲဆို ခြိမ်းခြောက်တာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ ဥာဏ်လင်းအောင်အဖွဲ့က တောင်းဆိုရာမှာလည်း အလုပ်ရှင်ဘက်က တစုံတရာ အာမခံချက်မပေးဘူးလို့ ဆွေးနွေးညှိနှိုင်းရာမှာ ပါဝင်သူ တဦးက ပြောပါတယ်။











