မဲဆောက်-မော်လမြိုင် လေယာဉ်ပျံရန် မြန်မာ့လေကြောင်းထံ မဆက်သွယ်သေး
ရွှေအောင်
·
October 2, 2012
မဲဆောက်နဲ့ မော်လမြိုင်ပျံသန်းဖို့ ထိုင်းလေကြောင်းအနေနဲ့ မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကို တရားဝင်ဆက်သွယ် အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ အဲ့ဒီဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောပါတယ်။
“မလာသေးပါဘူး။ သူတို့က ဒေသခံ အစိုးရနဲ့ civil study လုပ်တဲ့ သဘောပဲရှိပါသေးတယ်။”
ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်းလိုင်းဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မွန်ပြည်နယ် မော်လမြိုင်မြို့ကို လေယာဉ်ခရီးစဉ် ပြေးဆွဲဖို့အတွက် စမ်းသပ်ပျံသန်းမှု တခု ပြီးခဲ့တဲ့လထဲ ပြုလုပ်ခဲ့တယ်လို့ မော်လမြိုင် လ၀ကက တာဝန်ရှိသူတဦးက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်က လာရောက်ခဲ့တဲ့ ဒီခရီးစဉ်အတွင်း Nok Air လေကြောင်းလိုင်း တာဝန်ရှိသူတွေဟာ မော်လမြိုင်လေယာဉ်ကွင်းနဲ့ အနီးပတ်ဝန်းကျင် အခြေအနေတွေကို လေ့လာပြီး ပုံမှန် လေယာဉ်ဆင်းသက်နိုင်ခြင်း ရှိ မရှိ စူးစမ်းခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီစမ်းသပ်ပျံသန်းတဲ့ခရီးမှာ လိုက်ပါခဲ့တဲ့ Nok Air လေကြောင်းလိုင်းရဲ့ ဒုတိယ အကြီးအကဲဖြစ်သူက မဲဆောက်နဲ့ မော်လမြိုင် ပျံသန်းချိန် ၁၇ မိနစ်ပဲကြာတယ်လို့ ဘီဘီစီ သတင်းဌာနကို ပြောခဲ့ပါတယ်။
တကယ်လို့ မဲဆောက်-မော်လမြိုင် လေယာဉ်ပြေးဆွဲဖို့ လုပ်မယ်ဆိုရင် နှစ်ဘက် အညီအမျှ ဖြစ်ဖို့ လိုမယ်လို့ လေကြောင်းပို့ဆောင်ညွှန်ကြားမှုဦးစီးဌာနက ဒုညွှန်ချုပ် ဦးဝင်းဆွေထွန်းက ပြော ပါတယ်။
“သူ့ဘက်က လေဆိပ်တခုကတက်လာမယ်၊ သူ့လေပိုင်နက်ကနေ ကိုယ့်လေပိုင်နက်ကို ဖြတ်မယ်၊ ကိုယ့်လေပိုင်နက်အတွင်းက တနေရာကို ဆင်းသက်မယ်။ သာမန်အားဖြင့်တော့ ပြည်ပလေကြောင်း လိုင်းမှန်သမျှက ရန်ကုန်ကိုပဲ ဦးတိုက်လာကြတာကိုး။ အခုဟာကကျတော့ လာစရာမလိုဘဲနဲ့ နှစ်နိုင်ငံ နီးစပ်တဲ့ လေဆိပ် ၂ ခုကြားမှာ လုပ်မယ်ဆိုတာမျိုးပေါ့။ ကျနော်တို့က အသေးစိတ်ပြန်ကြည့်ရမှာပေါ့။ အဓိကက ဟိုဘက် ဒီဘက် ညီတူမျှတူ အခွင့်အရေးရရဲ့လား ဆိုတာပေါ့။”
မဲဆောက်-မော်လမြိုင် လေယာဉ်ပြေးဆွဲရင် ထိုင်းလူမျိုးတွေ ကျိုက်ထီးရိုးဘုရားဖူးဖို့ အဆင်ပြေ လွယ်ကူမှာဖြစ်ပြီး၊ မြန်မာကုန်သည်တွေအနေနဲ့လည်း သွားရေးလာရေး လွယ်ကူမြန်ဆန် လာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေတာပါ။
နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမယ်ဆိုရင် မြန်မာ့လေကြောင်းအနေနဲ့ ဆောင်ရွက်သွားမှာပါလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လေယာဉ်ကွင်း ၆၉ ကွင်း ရှိပြီး၊ လက်ရှိ အသုံးပြုနေတဲ့ကွင်းက ၃၂ ကွင်း ရှိပါတယ်။
မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခု ရှိပြီး လောလောဆယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တခုမှာပဲ နိုင်ငံခြားလေကြောင်း လိုင်းတွေ ဆိုက်ရောက် ပြေးဆွဲနေတာ ဖြစ်ပါတယ်။