ဆော်ဒီ အိမ်ရှေ့မင်းသားကို ကာကွယ်ရေးဒုဝန်ကြီး ခန့်အပ်

ဆော်ဒီအာရေဗျနိုင်ငံဟာ အိမ်ရှေ့စံမင်းသား မိုဟမ်မဒ် ဘင်ဆယ်လ်မန်ရဲ့ ညီတော်မင်းသား ခါလဒ် ဘင် ဆယ်လ်မန်ကို ကာကွယ်ရေး ဒုဝန်ကြီးအဖြစ် ဖေဖော်ဝါရီ ၂၃ရက်က ခန့်အပ်လိုက်ပါတယ်။ မင်းသမီး ရီမာ ဘင်ဘန်ဒါ ဘင် စူလ်တန်ကိုလည်း အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီ သံအမတ်အဖြစ် ခန့်အပ်ခဲ့လို့ ဆော်ဒီရဲ့ ပထမဆုံး အမျိုးသမီးသံအမတ် ဖြစ်လာခဲ့ပါတယ်။ ကာကွယ်ရေး ဒုဝန်ကြီး ဖြစ်လာသူ မင်းသား ခါလဒ်ဟာ ၂၀၁၇ ခုနှစ်ထိ အမေရိကန် နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ အိမ်ရှေ့စံ မင်းသား မိုဟာမဒ်ကတော့ ၂၀၁၅ ခုနှစ် သူ့ဖခင် နန်းတက်ချိန်ကတည်းက ကာကွယ်ရေးဝန်ကြီး တာဝန်ကို ယူခဲ့သူ ဖြစ်ပါတယ်။ သူ့လက်ထက်မှာ ဆော်ဒီဟာ ယီမင်နိုင်ငံအတွင်း စစ်ပွဲဆင်နွဲခဲ့လို့ ထောင်သောင်းချီတဲ့ အရပ်သားတွေ သေဆုံးခဲ့ပြီး ယီမင်နိုင်ငံလည်း အငတ်ဘေး ဆိုက်လုနီးပါး ဖြစ်ခဲ့ပါတယ်။ မနှစ်က သတင်းထောက် ဂျမဲလ် ခက်ရှားဂျီကို ဆော်ဒီ သူလျှိုတွေက တူရကီနိုင်ငံအတွင်း သတ်ဖြတ်ခဲ့အပြီး ဆော်ဒီအပေါ် နိုင်ငံတကာက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန် အပါအဝင် အနောက်မဟာမိတ်တွေနဲ့ ဆက်ဆံရေး ထိခိုက်ခဲ့လို့ အဲဒီအခြေအနေကို ကျော်လွှားဖို့ ဆော်ဒီအစိုးရက ကြိုးစားနေပါတယ်။ အမေရိကန်သံအမတ် ဖြစ်လာတဲ့ မင်းသမီးကတော့ နိုင်ငံရဲ့ အထွေထွေ အားကစား အာဏာပိုင်အဖွဲ့ဝင်ဖြစ်ပြီး အမျိုးသမီး စွမ်းရည်တိုးမြှင့်ရေး အာရုံစိုက်ထားသူပါ။ အားကစား ကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်ကစားခွင့်ရရေး ရပ်တည်ကာကွယ်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up