DVB Logo
Home
မြန်မာသတင်း
သဘာဝဘေး ၄ မျိုး သတိထားရန် မိုးလေ၀သပညာရှင် ပြော
DVB
·
October 2, 2012
သဘာဝဘေး ၄ မျိုး သတိထားရန် မိုးလေ၀သပညာရှင် ပြော
Donate to DVB

အခု အောက်တိုဘာလအတွင်းမှာ သဘာဝဘေး ၄ မျိုး သတိထားဖို့လိုတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

“ထိပ်ဆုံးကတော့ မုန်တိုင်းအန္တရာယ် သတိထားဖို့လိုပါတယ်။ အောက်တိုဘာလဟာ မြန်မာနိုင်ငံရဲ့ ဒုတိယ မုန်တိုင်းရာသီ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ မုန်တိုင်း သမိုင်းကို ကြည့်ရင် လည်း မြန်မာနိုင်ငံကို ၀င်တဲ့ မုန်တိုင်းရဲ့ ၈၅ လုံးရဲ့ ၄၉ ရာခိုင်နှုန်း ဟာ အောက်တိုဘာမှာ ၀င်တာပါ။ ပြီးခဲ့တဲ့ ၂ နှစ် ၂၀၁၀၊ ၂၀၁၁ ခုနှစ်တွေက မြန်မာပြည်ကို မုန်တိုင်းဝင်တယ်။ ၂၀၁၀ မှာ ဂီရိ ၀င်တယ်။ ၂၀၁၁ မှာ 02 B ဆိုတဲ့ မုန်တိုင်း ၀င်ပါတယ်။ ဒါကြောင့် အောက်တိုဘာဟာ မုန်တိုင်းဓာတ်ကျနေတဲ့ သဘောတော့ ရှိတာပေါ့။ ဖြစ်ဖို့ အလားအလာတော့ အခြေအနေတွေက တော်တော်စုံနေပြီ၊ မဖြစ်သေးတာက ကျနော်တို့ ကံကောင်းတယ်လို့ ပြောလို့ ရတယ်။

[caption id="attachment_16687" align="alignright" width="267" caption="ဦးထွန်းလွင်"][/caption]

“နံပါတ် ၂ ကတော့ ရေကြီးမှုပေါ့ ။ ရေကြီးမှုကတော့ နည်းနည်း သတိထားဖို့လိုတယ်။ အဆင့်ကတော့ အသင့်တင့်လောက်ပဲဖြစ်မယ်။ ဒါပေမယ့် အလွန် ဆိုးဝါးတဲ့ ရေကြီးမှုတော့ ဖြစ်မယ် မထင်ပါဘူး။ တတိယ သတိထားရမှာက မိုးတိမ်တောင်တွေ၊ မိုးတိမ်တောင်အဖြစ်များတဲ့အတွက် မိုးကြိုးပစ်အဖြစ်များတယ်။ မိုးကြိုးပစ်တာအပြင် လေဆင်နှာမောင်း တိုက်တာတွေ လည်း တော်တော်ဖြစ် တယ်။

“နောက်တခုက နေရာကွက် မိုးကြီးမယ်။ မိုးကြီးတဲ့ဒေသက တောင်ကြားနဲ့ ကုန်းမြင့်ဖြစ်မယ် ဆိုရင် ပြဿနာ ၂ ခုရှိတယ်။ တခုက လျှပ်တပြက် ရေကြီးမယ်။ လားရှိုးမှာဖြစ်တာမျိုးပေါ့၊ လူအများကြီး သေတယ်။ နောက်တခုက မြေပြိုတာ၊ မြေပြိုတာလည်း အနုခြွေ ခြွေနေတာ သေလိုက် ပျက်လိုက်နဲ့လေ။ အဲ့ အန္တရာယ်တွေရှိတယ်။”

“နောက်ဆုံးတခုက အပူရှိန်မြင့်တက်တာ။ အရင်တုန်းကတော့ ကျနော်တို့က အပူချိန်ပဲ ကြည့်တယ်။ အမြင့်ဆုံးအပူချိန်၊ ဒါကို ပြောရင် ပြီးတယ်ဆိုပဲ ထင်တယ်။ နောက်ပိုင်းကျတော့ သာမိုမီသာက တိုင်းလို့ရတဲ့ အမြင့်ဆုံးအပူချိန်ထက် လူတွေခံစားရတဲ့ အပူချိန်က ပိုပိုမြင့်နေတယ်။ ဒီလိုကာလက ခြောက်သွေ့တဲ့ကာလမဟုတ်တော့ လေထဲမှာ ရေငွေ့ရှိတယ်။ ရေငွေ့ရှိပြီး မိုးမရွာဘူး၊ အပူချိန်မြင့်လာမယ်ဆိုရင် နေ့ရဲ့ အပူချိန်နဲ့ ရေငွေ့ရဲ့အပူချိန် နှစ်ရပ်ပေါင်းတဲ့အခါမှာ လူခံစားရတဲ့ အပူချိန်ဟာ မထင်မှတ်လောက်အောင်မြင့်နေတာမျိုးတွေ တွေ့ရတယ်။ လွန်ခဲ့တဲ့ ၁ ပတ်အတွင်းမှာဆိုရင် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြေလတ်ပိုင်းဒေသတွေမှာ အပူရှိန် ကျနော့်အခေါ်တော့ heat index မြင့်တာပေါ့။ အကုန် ၁၀၀ အထက်မှာရှိတယ်။ တချို့နေရာတခုဆို ၁၁၁ ဖာရင်ဟိုက်အထိ ရှိတယ်။ နွေရာသီထက်တောင် ပူနေတယ်။ ဒါတွေက ကျန်းမာရေးပြဿနာတွေဖြစ်တယ်၊ လူအလွန် လူသိနည်းတဲ့အတွက် ဒါကိုလည်း သတိထားရပါမယ်။”

မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ အခုရက်ပိုင်း ရွာသွန်းနေတဲ့ မိုးဟာ မိုးတိမ်တောင်ကြောင့်ဖြစ်ပြီး၊ နေရာ ကွက်ပြီး မိုးကြီးနေတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၊ ၃ ရက်လောက်ကစပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ မုံရွာနဲ့ ပခုက္ကူ စတဲ့ မြို့တွေမှာ မိုးကြီးခဲ့ပါတယ်။ တချို့ဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၈ လက်မလောက်အထိ ရွာသွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်း၊ အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်း နဲ့ တောင်တရုတ်ပင်လယ်က  တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်တွေကြောင့်လည်း အခုလိုအချိန်မှာ မိုးကြီးနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013