ရှမ်းအိုးစည်သံ မဝေနိုင်တဲ့ မြောက်ပိုင်း ရှမ်းပြည်
DVB
·
February 24, 2019
"နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း တကျော့ပြန်တိုက်ပွဲတွေ၊ လူမျိုးရေးတင်းမာမှုတွေ ရှိလာခဲ့ပုံကို အရင်က ဘယ်လောက်ငြိမ်းချမ်းလဲဆိုရင် ကျွဲနွားတွေ ဒီအတိုင်းလွှတ်ထားတာ၊ စိုက်ချိန်မှ လိုက်ခူးတာပဲ။ ခုတော့ လက်ဖက်ခူးတာတွေလည်း မရှိတော့ဘူး” လို့ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်က ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ စိုင်းဖေသန်းက ပြောပါတယ်။
၂၀၁၅ ခုနှစ် ကနေ စပြီး တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ထိတွေ့မှုတွေလည်း ခပ်စိပ်စိပ်ဖြစ်ခဲ့ပြီး ရှမ်းပြည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ တပ်မတော်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်လာတာပါ။
ရှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ်ထဲမှာ တအာင်း၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင် နဲ့ လီဆူဆိုပြီး တိုင်းရင်းသား စာပေအုပ်စု ၆ စု ရှိပြီး အများအားဖြင့် ရှမ်း နဲ့ တအာင်းတို့ နေထိုင်ပုံ ပြောင်းလဲလာပုံကို နမ္မတူမြို့ တအာင်းစာပေ ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်မြင့်က ပြောပါတယ်။
“အခမ်းအနားတွေဆို ရှမ်းနဲ့ ပလောင် (တအာင်း) ပဲ တက်တာ များတယ်။ ပိုပြီး ညီအစ်ကို မောင်နှမလို နေထိုင်ကြတယ်။ သူ့အိမ်လည်း ကိုယ့်အိမ်လို သဘောထားပြီး သွားလာနေထိုင် ဆက်ဆံနေကြတယ်။ လက်ထပ်ပေါင်းသင်းကြတာရှိတယ်။ ၂၀၁၅ RCSS ၀င် လာပြီးနောက်မှာ ဘာပဲပြောပြော စိတ်ထားသဘောထားလေးတွေ ကွဲလွဲလာခဲ့တော့ တယောက်နဲ့ တယောက် နေထိုင်တာလေးတွေအပေါ် ခပ်စိမ်းစိမ်း ဖြစ်လာတယ်’’ လို့ ဦးအောင်မြင့်က ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ် တော့ဆန်နဲ့ ညောင်မောင်းရွာ၊ နမ္မတူနယ် ပန်လုံရွာ ဒေသခံ တိုင်းရင်းသားတွေဟာ လက်ရှိအချိန်ထိ တိုက်ပွဲရှောင် အနေနဲ့ ရှိနေဆဲ ဖြစ်သလို မြို့ပေါ် ပြောင်းလာသူတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီ ၈ ရက်နေ့က ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ RCSS/SAA နဲ့ SSPP/SSA တပ်တွေအကြား ထိတွေ့မှုတွေဖြစ်ခဲ့ပြီး ကျောက်မဲမြို့နယ် ပန်လော့ နမ့်ပျဉ် နားပုံ နားပြိန်း လွယ်ဆာ လွယ်မော ရွာတွေက စစ်ရှောင်တွေဟာ ကျောက်မဲမြို့ ဓမ္မမေဒနီရွှေကျင် ဘုန်းတော်ကြီးကျောင်း အောင်ဆုပန် ကျောင်းနဲ့ နမ့်စစ်လင်း ဘုန်းတော်ကြီးကျောင်းတွေမှာ တိုက်ပွဲရှောင်ပေါင်း ၁၀၀၀ ၀န်းကျင်ထိ ရှိနေပါတယ်။
တိုက်ပွဲတွေအပေါ် အခြေခံတဲ့ ဒေသတွင်း လူမျိုးရေး မုန်းတီးမှုတွေ အရှိန်ကောင်းလာတာကို ရပ်တန့်ဖို့အတွက်လည်း ရှမ်းလူငယ်အဖွဲ့ တအာင်းကျောင်းသားများနှင့် လူငယ်အဖွဲ့ နိုင်ငံရေးပါတီတွေနဲ့ စာပေယဉ်ကျေးမှုအဖွဲ့တွေ ပူးပေါင်းပြီး ရှမ်းနဲ့ ပလောင်အကြား ပဋိပက္ခမဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတာတွေ့ရပါတယ်။
ရှမ်းလူငယ်ကွန်ရက် ဦးဆောင်သူ စိုင်းနော်ရှမ်းက “ရှမ်းလူငယ်ကွန်ရက်နဲ့ တအာင်းလူငယ်ကွန်ရက်တွေပေါင်းပြီး ဒေသတွင်း ရိုက်ခတ်မှုတခုခု ရှိလာပြီဆိုရင် ပြဿနာ အရင်းမြစ်ကို ရှာတယ်။ ကျနော်တို့ဒါကို ဆွေးနွေးတယ်။ ဒေသတွင်းရှိ လိုအပ်တယ်ဆိုလို့ရှိရင် ကျနော်တို့ နှစ်ဖွဲ့ပေါင်းပြီးတော့ နည်းလမ်းရှာ လူထုကြားဆင်းပြီးတော့ ပဋိပက္ခ မဖြစ်အောင် ကိုယ့်လူငယ်တွေကို ထိန်းသိမ်းတဲ့အနေနဲ့ သတင်းမှန် အသိပညာပေးတယ်” လို့ ဆိုပါတယ်။
တအာင်းဘက်မှာလည်း အလားတူပဲ လုပ်ဆောင်မှုတွေရှိပါတယ်။ တအာင်း - ပလောင် အမျိုးသားပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးအိုက်ထိုက်က “သူတို့နှစ်ဖက် လက်နက်ကိုင်တွေ ဘယ်လို တိုက်တိုက် ပလောင်နဲ့ ရှမ်းပြည်သူတွေအနေနဲ့တော့ ကွဲပြားမှု အမြင်တွေ မရှိအောင်တော့ သူ့ဘက် ကိုယ့်ဘက် ထိန်းသိမ်းနေကြပါတယ်။ ရှမ်းနဲ့ ပလောင်ပြဿနာ မကြီးပွားအောင် ဆိုပြီးမှ ရှမ်းနယ်အသီးသီးရှမ်းတွေ ပလောင်တွေ စုပေါင်းပြီး ပဋိပက္ခလျော့ချရေးကော်မတီဆိုပြီး ကျနော်တို့ လားရှိုးမြို့မှာ ဖွဲ့စည်းလုပ်ဆောင်ခဲ့တယ်။ အဲ့လို ပူးတွဲလုပ်ဆောင်တာက တစ်ယောက်ကို တစ်ယောက် အမြင်စောင်းမှု သံသယတွေ ပြေလျော့စေတယ်” လို့ ပြောပါတယ်။
၂၀၁၉ ဖေဖော်ဝါရီ ၉ ရက်နောက်ပိုင်း သီပေါနယ် ကျောက်မဲနယ်အထိ ပျံ့နှံ့လာ တာကြောင့် ဒေသခံတွေ ထောင်ချီပြီး စစ်ရှောင်နေရပါတယ်။ ဒါတွေဟာ ၂၀၁၈ ဖေဖော်ဝါရီလက ဖြစ်ခဲ့တဲ့ အထက်မန်ပိန်းမှာ ထိတွေ့ခဲ့တဲ့ ရှမ်းလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့်လို့ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။
အကျိုးဆက်ကတော့ အထက်မန်ပိန်းရွာ ဒေသခံ အမျိုးသမီးတဦးနဲ့ ကလေးငယ်တဦးအပါ ပြည်သူ ၅ ဦးထိ သေဆုံးခဲ့ရပြီး အမျိုးသမီးတွေအထိ ထိခိုက်ခံစားနေရမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဖေဖော်ဝါရီအတွင်း လက်နက်ကိုင်အချင်းချင်း ထိတွေ့မှုကြောင့် နမ္မတူနယ် ကြူဆော့၊ လီဆူ၊ KBC စစ်ရှောင်စခန်းတွေမှာလည်း တိုက်ပွဲရှောင်သူတွေ တိုးပွားလာပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အချို့ရွာတွေဟာ ယခင်က တကြိမ်တခါမှ တိုက်ပွဲမဖြစ်ဘူးတဲ့ အေးချမ်းတဲ့ရွာတွေ ဖြစ်တယ်လို့လည်း အများစုကပြောပါတယ်။
ကျောက်မဲမြို့ ဓမ္မမေဒနီရွှေကျင်ကျောင်းမှာ စစ်ရှောင်နေတဲ့ ပန်လော့ရွာက အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ သီလရှင်ဆရာကြီး ဒေါ်စုနန္ဒာသီရိကလည်း လက်နက်ကိုင်အဖွဲကတွေ ထိခတ်မှုနဲ့ ပတ်သက်ပြီး “စိတ်ထဲမှာ ကြောက်နေတယ်။ ဒီလို မကြုံဖူးဘူး။ ကမန်းကတမ်းပြေးလာရတော့ ကြောက်တာပေါ့။ ဘာမှ မပါလာဘူး။ ပြေးဆိုလို့ ပြေးလာခဲ့တာပဲ။ သူက ဘာလိုတယ်။ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တပ်ပဲ ဖြစ်ဖြစ် ကိုယ်က ဘာကြိုက်တယ်ဆိုတာ ထိပ်တိုက်ဆွေးနွေးပြီး ပြည်သူတွေကို ဒုက္ခမရောက်စေပဲ ကူညီပေးတဲ့ တပ်မတော်တွေပဲ ဖြစ်ချင်တယ်” လို့ ဆိုပါတယ်။
တအာင်း (ပလောင်) အမျိုးသားပါတီ နမ္မတူမြို့နယ် ဥက္ကဋ္ဌ ဦးအိုက်ထိုက်က “ဖြစ်လိုက်ပြီဆိုရင် အများသောအားဖြင့် တအာင်းပလောင်တွေက သူ့ရွာနဲ့သူရှိတယ်။ ကျနော်တို့က ပုဗ္ဗာရု့ကျောင်းမှာ စုလိုက်တယ်။ ရပ်ကွက် (၈) မှာ စခန်းတစ်ခု ဆောက်လိုက်တယ်။ အဲ့မှာ ထိန်းသိမ်းရှောက်လိုက်တယ်။ စောင့်ရှောက်မှုတွေကို ပံ့ပိုးမှုတွေကိုတော့ ရှမ်းတွေလည်း ပါတယ်’’ လို့ ပြောပါတယ်။
ယခင်က ရှမ်းတေးသီချင်းတွေနဲ့ ရှမ်းအိုစည်သံတွေ ဝေဆာခဲ့တဲ့ ရှမ်းရွာလေးတွေဟာ ယနေ့အချိန်မှာတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ သေနတ်သံတွေနဲ့ အနိဋ္ဌာရုံတွေက လွှမ်းမိုးနေတာကြောင့် ရှမ်းမြေဟာ အကျဉ်းတန်ရုပ်ဆိုးနေပါတယ်။
“စစ်တိုက်တာက အလျှော်အစားရှိတယ်။ ပြီးချင်ရင်လည်း ခဏနဲ့ပြီးတယ်။ အဲ့ဒီတူညီတဲ့ လူမျိုးအချင်းချင်းကြောင့် ပြည်သူတွေရဲ့ ငြိမ်းချမ်းနေမှုဟာ သံသယတွေနဲ့ ပဋိပက္ခတွေ ဖြစ်လာရင်တော့ ရေရှည်မကောင်းတော့ဘူး။ ဖျက်လို့လည်း မလွယ်ကူတော့ဘူး။ ဒါကြောင့် ဒါကို ဒေသခံပြည်သူတွေ နားလည်အောင်တော့ ကျနော်တို့ လူငယ်တွေမှာ တာဝန်ရှိတယ်။ ဒါကို စနစ်တကျ ကျနော်တို့ ကြိုးစားလုပ်ကိုင်ဖို့ လိုပါတယ်” လို့ လားရှိုးမြို့ခံ သျှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌ ကိုစိုင်းဟန် ပြောပါတယ်။
လက်နက်ကိုင်တွေရဲ့ ထိတွေ့မှုကြောင့် ဒေသခံ ရှမ်းပလောင် စတဲ့ ရှမ်းပြည်နယ်တွင်း အတူတကွ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာလုပ်ငန်းတွေပျက်စီးခဲ့ရပြီး ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးတွေပါ နောက်ကျနေပြီး တိုင်းရင်းသားအချို့ ဒေသစွန့်ခွာပြီး တဖက်နိုင်ငံ တရုတ်အထိ အလုပ်သွားလုပ်နေကြရတဲ့ နိုင်ငံလူသားအရင်းအမြစ် ယိုစိမ့်မှုတွေကိုပါ ခံစားနေရပါတယ်။
“ငြိမ်းချမ်းရေးရစေချင်တယ်။ ကျနော်တို့ ဒုက္ခခံနေရတဲ့ ဒေသက အတောင်းတဆုံးပဲ။ ငြိမ်းချမ်းရေးမရှိလို့ လူတွေရဲ့ စားဝတ်နေရေးမပြောနဲ့ အသက်တောင် အနိုင်နိုင်လုနေရတယ်။ ဒါကြောင့် ဒီလိုပြေးလာတာ။ အခုလို အိုးပစ် အိမ်ပစ် ထွက်ပြေးနေကြတာ။ အားလုံး အေးအေးချမ်းချမ်းနဲ့ အဆင်ပြေပြေနေနိုင်ဖို့ အတွက်ပါ” လို့ လတ်တလော စစ်ရှောင်နေရတဲ့ အမက နမ့်ပျဉ်း မူလတန်းကျောင်းအုပ်ကြီး ဒေါ်ခင်မာဆွေက ပြောပါတယ်။
ရှမ်းပြည်ဟာ ရွှေဖီချိန် လက်ဖက်ခူးတဲ့ ပလောင်အမျိုးသမီးတွေရဲ့ သီချင်းသီကျူးသံတွေ ရှမ်းလူမျိုးတွေရဲ့ အလှူအတန်းပွဲတွေမှာ တီးခတ်တတ်တဲ့ ရှမ်းအိုးစည်သံတွေဟာ ရှေးယခင်ကလို သာသာယာယာ ငြိမ်းငြိမ်းချမ်းချမ်း မကြားရတော့ပဲ မတူညီမှုတွေအကြားက ရုန်းမထွက်နိုင်တဲ့ လက်နက်ကိုင် စစ်ပွဲတွေကြောင့် ယနေ့ချိန်ခါ ကာလမှာတော့ တိတ်ဆိတ်သုဉ်းလို့ နေပါတော့တယ်။
မင်းရဲစစ်နိုင်