ရခိုင်ပြည်နယ်ထဲမှာ အမျိုးသမီးတွေရဲ့ဘ၀လုံခြုံမှု ခြိမ်းခြောက်ခံနေရတာနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ အမျိုးသမီး ၂၀၀ လောက် ဆန္ဒပြဖို့ စီစဉ်ထားရာမှာ အာဏာပိုင်တွေက ခေတ္တ ဆိုင်းငံ့ထားပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့မှာ ဆန္ဒပြဖို့ တရားဝင်စီတန်းလှည့်လည်ခွင့် ပုံစံ ၂ နဲ့ အညီ သက်ဆိုင်ရာကို ခွင့်တောင်းထားရာမှာ စကားလုံး ပြင်းထန်တဲ့ အချက်အလက် ၂ ခုပါဝင်တဲ့အတွက် အခုလို ဆိုင်းငံ့ခံရတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဒေါ်ညိုအေးက ပြောပါတယ်။
“ကျမတို့က ပြင်လိုက်တယ်။ အိုအိုင်စီ (အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ကို ၀င်မစွက်နဲ့ဆိုတဲ့နေရာမှာ အတိုကောက်နဲ့ အိုအိုင်စီ-နိုး ဆိုပြီး လုပ်လိုက်တယ်။ နောက် သားရေပေါ်အိပ် သားရေနားစားဆိုတဲ့အချက်နေရာမှာတော့ ဘင်္ဂါလီများ တတိယနိုင်ငံတခုခုမှာ အခြေချနေထိုင်ဖို့ ကူညီပေးပါဆိုပြီး အချက်လေး ထည့်ပေးလိုက်တယ်။ ၂ ပတ်အတွင်း ပြန်ကြားပေးမယ်လို့ ရဲမှူးကြီး ဦးနေမျိုးကပြောတယ်၊ စီမံမှူးရုံးကပါ။”
အခု ပြင်ဆင်လိုက်တဲ့ တောင်းဆိုချက် ၂ ချက်အပြင် အဓိကအကြောင်းအရာ စုစုပေါင်း ၈ ချက် ပါဝင်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို လေးစားလိုက်နာဖို့၊ တရားမ၀င် ခိုးဝင်လာသူတွေကို အလိုမရှိ၊ မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ၊ မြေမြို၍ လူမျိုးမပျောက် လူမြိုမှ လူမျိုးပျောက်မည်၊ မြန်မာ့အမျိုးသမီးဘ၀ လှပလုံခြုံမှုရှိပါစေ၊ မြန်မာတမျိုးသားလုံး စည်းလုံးညီညွတ်ကြ စတဲ့အချက်တွေ ပါဝင်တယ်လို့ ဒေါ်ညိုအေးက ဆက်ပြောပါတယ်။
အဓိက ဆောင်ပုဒ်ကို အမျိုးသမီး ၅၀ လောက်က ကိုင်ဆောင်မှာဖြစ်ပြီး ကျန်တဲ့ အမျိုးသမီးတွေက မိမိခံစားချက်၊ ဆန္ဒတွေကို ထုတ်ဖော်ကြမှာဖြစ်ပြီး ဥပမာ ရခိုင်အမျိုးသမီးတွေကို မြန်မာပြည်က အမျိုးသမီးတွေအားလုံး ဖေးမကူညီပါ၊ တရားဥပဒေစိုးမိုးပါစေ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအမျိုးသမီးတွေထဲမှာ စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ စတဲ့ နိုင်ငံရေး ပါတီဝင် အမျိုးသမီးတွေ ဦးဆောင်ပါဝင်ပြီး အခြား လူထုလူတန်းစားအဖွဲ့က အမျိုးသမီးတွေ စုစုပေါင်း ၂၀၀ လောက် ပါမယ်လို့ ပြောပါတယ်။
ဇွန်လကစပြီး ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့ ရခိုင် အမျိုးသမီးတွေအတွက် တဘက်တလမ်းကနေ စိတ်သက်သာရဖို့ အခုလိုလမ်းလျှောက် ဆန္ဒထုတ်ဖော်ရတာလို့ ဒေါ်ညိုအေးက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ အနည်းဆုံး လူ ၆၀ သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်။ ဘုန်းကြီးကျောင်း၊ ဗလီ နဲ့ စာသင်ကျောင်းတွေအပါအ၀င် လူနေအိမ် ထောင်နဲ့ချီ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒုက္ခသည်ပေါင်း ၆ သောင်းကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ၀င်ရောက်ခိုလှုံခဲ့ရပါတယ်။











