Home
မြန်မာသတင်း
မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ပုံ ၁ ပုံ စားနပ်ရိက္ခာမလောက်ငမှုဖြင့် ရင်ဆိုင်နေရ
DVB
·
February 23, 2019
မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၀ ပုံ ၁ ပုံဟာ စားနပ်ရိက္ခာမလောက်ငမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး စံဝင်းခိုင်က သတိပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မအူပင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တင်သွင်းထားတဲ့ ရာသီဥတုဖောက်ပြန်တဲ့ဒဏ် ဖြေရှင်းနိုင်ဖို့ အရန်သီးနှံ၊ အရန်စပါး၊ အရန်ဆန်၊ အရန်ရိက္ခာ သိုလှောင်ထားရှိဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုအပေါ် ထောက်ခံဆွေးနွေးစဉ်မှာ အခုလို ပြောဆိုလိုက်တာပါ။   “ရာသီဥတုပြောင်းလဲမှု မြန်ဆန်လာခြင်းနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေအပေါ် ရိုက်ခတ်ချက်က လူ့အဖွဲ့အစည်းနဲ့ ပတ်သက်လို့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေပြီး လာမယ့် ဆယ်စုနှစ်တွေအတွင်း ကြီးထွားလာတဲ့ ကမ္ဘာ့လူဦးရေကို စားနပ်ရိက္ခာ အလုံအလောက် ကျွေးမွေးနိုင်ဖို့ လိုအပ်လာလိမ့်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာနေ့ နှစ်ပတ်လည် ညီလာခံမှာ သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေဆယ်ပုံတစ်ပုံဟာ စားနပ်ရိက္ခာမလောက်ငမှုတွေနဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာ့လူဦးရေ တစ်ဘီလံယံကျော်ဟာလည်း စားနပ်ရိက္ခာမလုံလောက်မှုကြောင့် ဆင်းရဲငတ်မွတ်မှု ခံစားနေရကြောင်း သိရှိရပါတယ်”လို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး စံဝင်းခိုင်က ဆိုပါတယ်။ ဒီအတွက် နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အပြင် တောင်သူလယ်သမားတွေရဲ့ အဓိက ထွက်ကုန်ဖြစ်တဲ့ စပါးဈေးကျဆင်းမှုအတွက်လည်း ကာကွယ်ပေးနိုင်မှာဖြစ်ပြီး အရန်မျိုးရိက္ခာရှိခြင်းဟာ ပြည့်စုံကြွယ်ဝမှုဂုဏ်ဒြပ် ဖြစ်သလို အောင်မြင်ခြင်းရဲ့ အကြောင်းတရပ်ဖြစ်တယ်လို့လည်း တပ်မတော်သား ကိုယ်စားလှယ်က ဆိုပါတယ်။ အောင်ဆန်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024