DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအဖွဲ့ အချင်းချင်း ဆန္ဒပြမှု ဖြစ်ပွား
DVB
·
October 1, 2012
Donate to DVB

ဒဂုံဆိပ်ကမ်း စက်မှုဇုန်က အလုပ်သမား အင်အား ၁၄၀၀ ကျော်ရှိတဲ့ အာရှနဂါး အထည်ချုပ် စက်ရုံမှာ အလုပ်သမားအဖွဲ့ ၂ ဖွဲ့ အချင်းချင်း ဒီနေ့ မနက်ပိုင်းကစပြီး ဆန္ဒပြနေကြပါတယ်။

အဲဒီစက်ရုံမှာ မိုးလင်း ဦးဆောင်တဲ့ အလုပ်သမား အင်အား ၁ ထောင်ကျော်အဖွဲ့က ဥာဏ်လင်းအောင် ခေါင်းဆောင်တဲ့ အင်အား ၁၀၀ ကျော် အလုပ်သမားအဖွဲ့ကို အလုပ်ထုတ်ပေးဖို့ အော်ဟစ်တောင်းဆိုကြတာလို့ ဥာဏ်လင်းအောင် အလုပ်သမားအဖွဲ့က စက်ချုပ်သမားတဦးက ပြောပါတယ်။

“ဒီနေ့ ၇ နာရီ ၄၅ မှာအလုပ်စ၀င်တော့ အလုပ်ရှင်ဘက်က ဖွဲ့ထားတဲ့ ဥက္ကဋ္ဌ မိုးလင်းက တိုင်ပေးတယ် ဥာဏ်လင်းအောင်အဖွဲ့ကို ဖြုတ်ပေးပါပေါ့။ အဲလိုဆန္ဒဖော်ထုတ်တယ်။”

i-Max တံဆိပ်၊ Giorenzo အမှတ်တံဆိပ် စတဲ့ အထည်တွေကို ချုပ်လုပ်တဲ့ ဒီအာရှနဂါး အထည်ချုပ်စက်ရုံမှာ အရင်က အလုပ်သမား အဖွဲ့မရှိခဲ့ဘဲ ဥာဏ်လင်းအောင် ဦးဆောင်ဖွဲ့တဲ့ အလုပ်သမားအဖွဲ့ကနေ အလုပ်သမားတွေရဲ့ ကျန်းမာရေးပိုင်း ကိစ္စတွေကို တောင်းဆိုပေမယ့် အလုပ်ရှင် ထိခိုက်မယ့်ကိစ္စမျိုးကိုတော့ မတောင်းဆိုခဲ့ဖူးဘူးလို့ ဆက်ပြောပြပါတယ်။

စက်ရုံတရုံထဲမှာ အလုပ်သမားအဖွဲ့ ၂ ဖွဲ့ ဖြစ်နေပြီး အလုပ်ရှင် နောက်ခံပြုထားတယ်လို့ ပြောလို့ရမယ့် မိုးလင်း ဦးဆောင်တဲ့ အလုပ်သမားအဖွဲ့မှာ စူပါလို့ခေါ်ကြတဲ့ လိုင်းကြပ်တွေ ပါဝင်ကြပြီး သူတို့အဖွဲ့ထဲကိုသာ ၀င်ကြဖို့ အခွင့်အရေး မက်လုံးပေးတာ ခြိမ်းခြောက်တာမျိုးတွေနဲ့ ဆွဲဆောင်စည်းရုံးကြတယ်လို့ ဆိုပါတယ်။

“အလုပ်ရှင်ဘက်မကြိုက်ဘူး။ ဒီအဖွဲ့လည်း အဲလိုဖြစ်လာရော သူတို့ကမဲဆွယ်တယ်၊ ခြိမ်းခြောက် တယ်။ အခု ငါတို့အဖွဲ့ထဲ မ၀င်ရင် ချေးငွေမပေးတော့ဘူးပေါ့။ ညီမတို့က တပတ်တခါ ချေးငွေ ၅ ထောင်ပေးတယ်လေ။ ဥာဏ်လင်းအောင်အဖွဲ့က လူတွေကိုတော့ ချေးငွေမပေးဘူး။ တယောက်နဲ့ တယောက်ကို ရန်တိုက်ပေးတာ၊ ဥာဏ်လင်းအောင်တို့အဖွဲ့က နင်တို့ကို ဘာပြောတာ၊ ဘာလုပ်တာ၊ ငါတို့ဘက်က ဘယ်လိုကာကွယ်ပေးနိုင်တယ်၊ ငါတို့အဖွဲ့ကို ၀င် စသဖြင့်ပေါ့။”

အလုပ်သမားအချင်းချင်း အလုပ်ထုတ်ပစ်ခိုင်းတဲ့အထိ ဆန္ဒပြမှုဟာ အလုပ်ရှင်က အလုပ်သမားတွေ အချင်းချင်းကြား သွေးခွဲတဲ့အတွက် ဖြစ်ရတာလို့  အဲဒီကိုရောက်ရှိနေတဲ့ အလုပ်သမားရေးရာ ကူညီဆောင်ရွက်ပေးတဲ့ ကိုထိန်လင်းက ပြောပါတယ်။

“အလုပ်သမားသမဂ္ဂဖွဲ့တဲ့ ရေစီးကြောင်းက ဒီအချိန်မှာ အရှိန်အဟုန်နဲ့ ဆင်းလာတာ။ ဒါကို မမှန်ကန်တဲ့နည်းတွေနဲ့ အလုပ်ရှင်က တားဖို့ကြိုးစားတာ။ မလိုလားအပ်တဲ့ ပြဿနာအကြီးကြီးကို ဖန်တီးတာပဲ။ အလုပ်သမဂ္ဂကလေးတွေ ညှိညှိနှိုင်းနှိုင်းနဲ့ နေလိုက်ရင် ဘာပြဿနာမှမရှိဘူး။ ဒီကလေးတွေ မရှိရေးကို ဦးတည်ပြီး နည်းမျိုးစုံနဲ့တိုက်တာ။ နောက်ဆုံးတိုက်တာကတော့ အလုပ်သမားအချင်းချင်း မျက်နှာချင်းဆိုင် သွေးထွက်မှုတွေဖြစ်အောင် တိုက်တဲ့နည်းပဲ။”

အလုပ်သမားချင်း ဆန္ဒပြမှုတွေကို ဖြေရှင်းပေးဖို့ မြို့နယ်အလုပ်သမား ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောစိုးတင့်၊ အာရှနဂါး အထည်ချုပ်စက်ရုံပိုင်ရှင် ဦးမြတ်ကိုရဲ့ မိခင် ဒေါ်ဝင်း၊ မြို့နယ်အန်အယ်လ်ဒီအမတ် ဦးမျိုးအောင်တို့ ရောက်ရှိဆွေးနွေးနေကြပြီး အခုချိန်ထိ ပြေလည်မှု မရသေးဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013