
အခုနှစ် ၈ လပိုင်းကုန်အထိ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ အမေရိကန်လူမျိုး ကမ္ဘာလှည့်ခရီးသည် ၂၀၅၀၀ လောက်ရှိပြီး အရင်နှစ် ၈ လပိုင်းနဲ့ ယှည်ကြည့်ရင် ၅၀ ရာခိုင်နှုန်း တိုးတက်လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်ခရီးဝန်ကြီးဌာနက ပြောပါတယ်။
ဩဂုတ်လကုန်အထိ ရရှိတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေထဲ ထိုင်းလူမျိုးတွေ အများဆုံးဖြစ်တဲ့အကြောင်းလည်း ဟိုတယ်ခရီးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဦးက ပြောပါတယ်။
“၈ လအတွင်းမှာ ထိုင်းက ၅၅၁၈၂ လောက်ဖြစ်နေတယ်။ သူ့နောက်က တရုတ်၊ တရုတ်က ၄၃၀၀၀၊ တတိယက ဂျပန်က ၂၇၀၀၀။ ဒါက ၂၀၁၂ အ၀င် ဇယားပါ။ နောက် ကိုးရီးယားက ၂၀၄၁၈ ၊ အမေရိကန်က ၂၀၄၈၁ ဆိုတော့ အမေရိကန်ကပိုများတာပေါ့။ နံပါတ် ၄ လောက်ရှိတယ်။”
မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းက ကိုညီညီကလည်း အမေရိကန်ခရီးသည် ပိုများလာတာတော့ အမှန်ပဲလို့ ပြောပါတယ်။
“လာမယ့် နိုဝင်ဘာ၊ ဒီဇင်ဘာလောက်လာမယ့် ဘွတ်ကင်တွေတော့ များလာတယ်။ အမေရိကန်တွေ တအား နောက်ပိုင်းစိတ်ဝင်စားပြီးမေးလာကြတယ်။ သူတို့လာချင်ကြတယ်ပေါ့။ အခု လောလောဆယ်က မိုးတွင်းလည်းဖြစ် ခါတိုင်းလည်း ခရီးသွားနည်းတဲ့အချိန်ဆိုတော့ အများကြီးမရှိသေးဘူး၊ မှန်မှန်လေးပဲသွားနေတယ်။ တကယ်လာမှာက ပွင့်လင်းရာသီ သီတင်းကျွတ်အကျော်ပေါ့။ အဲအချိန်က ခရီးသွားရာသီဆိုတော့ ပိုလာမှာပေါ့။ ဒါပေမယ့် ဒီနှစ်က အမေရိကန်ခရီးသွား ခါတိုင်းထက်ပိုများတာတော့ အမှန်ပဲ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ အမေရိကားခရီးစဉ်တွေ၊ အမေရိကန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ပြောစကားတွေကြောင့် အမေရိကန်ပြည်သူတွေ မြန်မာပြည်လာလည်ဖို့ စိတ်ဝင်စားလာကြတာဖြစ်နိုင်ကြောင်း ဟိုတယ်ခရီးကရော ဧည့်လမ်းညွှန်တွေကပါ သုံးသပ် ပြောကြားကြပါတယ်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလကနေ ဩဂုတ်လကုန်အထိ ရန်ကုန်လေဆိပ်က ၀င်ရောက်လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသည်ပေါင်း ၃ သိန်းခွဲလောက်ရှိတယ်လို့ ဟိုတယ်ခရီးက ပြောပါတယ်။











