မသန်စွမ်းသူ၏ သုံးဘီးယာဉ်ကို ဖယ်ရှားပြီး ကားရပ်မိသည့်ထိုင်းသူဌေး ပြန်တောင်းပန် (ရုပ်သံ)

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားမြို့ရှိ ကုန်တိုက်ကြီးတခုမှာ  မသန်စွမ်းသူများ ယာဉ်ရပ်နားနေရာမှာ ကားရပ်မိတဲ့ သူဌေးက မသန်စွမ်းသူကို ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ နောင့်ဘဲမ်းဆိုသူ မသန်စွမ်းအမျိုးသမီးတဦးဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကုန်တိုက်ကြီးရှိ မသန်စွမ်းသူများ ယာဉ်ရပ်နားရာနေရာမှာ သူမရဲ့ သုံးဘီးယာဉ်ငယ်လေးကို ရပ်ထားပြီး ထမင်းသွားစားနေစဉ် ခဏအကြာ မိမိသုံးဘီးရပ်ထားတဲ့နေရာမှာ နောက်ဆုံးပေါ် ဇိမ်ခံကား အပြာရောင်တစီး လာရပ်နားတာတွေ့ရပြီး ကားထဲက အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးတို့ ထွက်လာတာကို ကုန်တိုက်ပေါ်ကနေ လှမ်းတွေ့လိုက်ပါတယ်။ သူမရဲ့ သုံးဘီးကတော့ မနီးမဝေးက လမ်းပေါ်မှာ ရောက်နေတာတွေ့လို့ ဗွီဒီယိုရိုက်ပြီး “ကုန်တိုက်မှာ ထမင်းလာစားမလို့ ယာဉ်ရပ်ထားတာကို အပြင်ဘက်တွန်းရွှေ့တာ ခံရတယ်၊ ကျမက မသန်စွမ်းသူပါ၊ အပျံစားကားပေါ်က ဆင်းလာသူတွေကြည့်တော့လည်း လူကောင်းတွေ၊ ဘယ်လိုလုပ်လိုက်တာလဲ၊ ကျမလို မသန်စွမ်းဖြစ်ချင်တာလား” ဆိုတဲ့ စတေးတပ်နဲ့အတူ သူမရဲ့ ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်ပါတယ်။ အဲဒီဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီး ဇိမ်ခံကားအပေါ် ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။ အဲဒီနောက် ကုန်တိုက်တာဝန်ရှိသူတွေက ဒီဖြစ်ရပ်အတွက် တောင်းပန်ကြောင်း၊  ကားပါကင်ထိုးတဲ့နေရာကို သေချာဂရုမစိုက်တဲ့ လုံခြုံရေးဝန်ထမ်းကိုလည်း ထိုက်သင့်သလို အပြစ်ပေး အရေးယူပါမယ့်အကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ညပိုင်းမှာတော့ ဇိမ်ခံကားပိုင်ရှင်ဟာ ကုန်တိုက်ကိုယ်စားလှယ်၊ ကုန်တိုက်လုံခြုံရေး အစောင့်နဲ့အတူ နောင်းဘဲမ်းထံ ရောက်ရှိလာပြီး အဲဒီဖြစ်ရပ်အတွက် ပြန်တောင်းပန်ခဲ့ကြပါတယ်။ ဇိမ်ခံကားပိုင်ရှင်က သူမဟာ အဲဒီကုန်တိုက်ကို လာနေကြဖြစ်ပြီး အစောင့်နဲ့ မျက်မှန်းတန်းမိနေကြောင်း၊ အဲဒီနေ့က ကုန်တိုက်မှာ လူကြပ်ပြီး ကားရပ်တဲ့နေရာ အခက်အခဲရှိလို့ ကုန်တိုက်အစောင့်ကို ပြောရာမှာ အစောင့်က သုံးဘီးယာဉ်ကို အပြင်ဘက်တွန်းထုတ်ပြီး သူတို့ကို နေရာပေးလို့ ဝင်ရပ်ခဲ့ကြောင်း၊ အခုလို မဆင်မခြင် အလျင်လို အလွယ်လိုက် ယာဉ်ရပ်နားမိတဲ့ အတွက် တောင်းပန်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကုန်တိုက်အစောင့်ကလည်း အဲဒီနေရာမှာ ရပ်ထားတဲ့ သုံးဘီးဟာ မသန်စွမ်းသူရဲ့ ဘီးဖြစ်မှန်း သတိမထားမိဘဲ သာမာန်လူရဲ့ သုံးဘီးထင်လို့ သူနဲ့ အသိလိုဖြစ်နေတဲ့ ဖောက်သည်ဇိမ်ခံကား ရပ်နားနိုင်အောင် နေရာဖယ်ပေးခဲ့မိကြောင်း၊ အခုလို တာဝန်ပေါ့လျော့မိတဲ့အတွက် တောင်းပန်ပြီး ကုန်တိုက်ကပေးတဲ့ ပြစ်ဒဏ်ကိုလည်း ခံယူပါမယ့်အကြောင်း ပြောခဲ့လို့ အားလုံးကျေအေးသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up