မျက်နှာပြင်နှစ်ခု ခေါက်ပြီးသုံးနိုင်သည့် စမတ်ဖုန်း ဆမ်ဆောင်း မိတ်ဆက်

ဓာတ်ပုံ - Samsung
မျက်နှာ်ပြင်နှစ်ခုကို ခေါက်ပြီးသုံးနိုင်တဲ့ စမတ်ဖုန်း အမျိုးအစားသစ်ကို ဆမ်ဆောင်းကုမ္ပဏီက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ အဲဒီစမတ်ဖုန်းအသစ်ဟာ နောက်ဆုံးပေါ် အင်တာနက်အမြန်ဆုံး 5G ကွန်ရက်ကို အသုံးပြုနိုင်မှာဖြစ်ပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၂ ထောင်နီးပါး ရှိပါတယ်။ စာအုပ်လို အဖွင့်အပိတ်လုပ်နိုင်တဲ့ အဲဒီစမတ်ဖုန်းဟာ အလယ်ကနေ ခေါက်ထားတဲ့ မျက်နှာပြင်နှစ်ခုကို ဖွင့်လိုက်ရင် ၇ ဒသမ ၃ လက်မအထိ မျက်နှာပြင် ပြန့်သွားတဲ့အတွက် စမတ်ဖုန်းလိုသာမက တက်ဘလက်လိုလည်း သုံးနိုင်မှာပါ။ Galaxy Fold လို့ အမည်ပေးထားတဲ့ အဲဒီ အရည်အသွေးမြင့် စမတ်ဖုန်းမှာ စုစုပေါင်း ကင်မရာ ၆ လုံးနဲ့ ဘက်ထရီနှစ်ခု ပါပါတယ်။ ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ ဆမ်ဆောင်းဟာ ခေါက်လို့ရတဲ့ စမတ်ဖုန်းကို ဧပြီ ၂၆ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။ အဲဒီစမတ်ဖုန်းတန်ဖိုးဟာ လက်ရှိဈေးကွက်ထဲက ထိပ်တန်းဖုန်းမော်ဒယ်တွေထက် နှစ်ဆနီးပါး ဈေးပိုကြီးပါတယ်။ လာမယ့်သီတင်းပတ် စပိန်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့မိုဘိုင်းညီလာခံမှာ ပြိုင်ဘက် စမတ်ဖုန်းကုမ္ပဏီတွေက သူတို့ရဲ့ 5G ကွန်ရက်သုံးနိုင်တဲ့ မော်ဒယ်သစ်တွေကို မိတ်ဆက်သွားမယ်လို့ မျှော်မှန်းရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up