ပရိသတ်အား ဝေဖန်ခဲ့သည့် မြန်မာယူ -၂၂ ဂိုးနည်းပြကို ဘောလုံးအဖွဲ့ချုပ် အရေးယူ

ဓာတ်ပုံ - Min Sat Y Facebook
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မဆင်မခြင် ရေးသားမှုအတွက် မြန်မာယူ-၂၂ အသင်း ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်ကို နိုင်ငံတကာပွဲတွေ တာဝန်မပေးဖို့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။ ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ယူ-၂၂ ဘောလုံးအသင်းအား ဝေဖန်ပြစ်တင်တဲ့ ပရိသတ်တွေကို မသင့်မလျော် ပြန်လည်တုံ့ပြန်ခဲ့မှုအပေါ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဖေဖော်ဝါရီ ၁၉ ရက်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ပြီး အရေးယူဖို့ ဆုံးဖြတ်ခဲ့တာလို့ ဘောလုံးအဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ခဲ့တာပါ။ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ AFF U-22 Championship 2019 ပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်းအတွက် ယာယီခန့်အပ် တာဝန်ပေးထားတဲ့ ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ပရိသတ်ကို စော်ကားရေးသားထားတဲ့ ပို့စ်တခု ရေးတင်ထားခဲ့တာပါ။ မြန်မာဘောလုံးအသင်းကို ဝေဖန်နေသူတွေဟာ ကစားသမားတွေနားကပ်ပြီး အရှက်မရှိတဲ့ မျက်နှာနဲ့ အင်္ကျီတောင်းကြတယ်ဆိုပြီး ရေးသားခဲ့တဲ့အပေါ် အခုလို အရေးယူခဲ့တာပါ။ ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်ဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း အပိုဒ် (၇) (က)(ဃ) နဲ့ (ည) တို့ကို ကျူးလွန်ခဲ့ပြီး ပရော်ဖက်ရှင်နယ် နည်းပြကျင့်ဝတ်နဲ့ ညီညွတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ပေါ်လွင်ထင်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ပရော်ဖက်ရှင်နယ် နည်းပြအနေနဲ့ ပရိသတ်တွေ၊ ပြည်သူတွေနဲ့ ဆက်ဆံရာမှာ လိုက်နာဆောင်ရွက်ရမယ့် ကျင့်ဝတ်တွေ လိုက်နာဆောင်ရွက်နိုင်တဲ့အထိ စောင့်ကြည့်သွားမှာဖြစ်ပြီး အခုဆုံးဖြတ်ချက်ကို လိုက်နာဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

More News
Up