DVB Logo
Home
မြန်မာသတင်း
အက်ဖ်အမ်လိုင်းတခု ကျပ်သိန်း ၂၀၀၀ နီးပါး ပေးရန်ကျန်ရှိ
DVB
·
October 1, 2012
Donate to DVB

အသံလွှင့် FM လိုင်းတခုက သီချင်းထုတ်လွှင့်မှုပေါင်း ၃ သိန်းနီးပါးအတွက် ဂီတအစည်းအရုံးကို ငွေကျပ် သိန်းပေါင်း ၁၉၀၀ ကျော် မပေးသေးတဲ့အတွက် ဒီငွေတွေ ပြန်ရဖို့ ညှိနှိုင်းသွားမယ်လို့ ဂီတအစည်းအရုံး အတွင်းရေးမှူး အဆိုတော် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

“သူ့တခုတည်းကကို အကြွေးက သိန်း ၁၉၀၀ ကျော် ကျန်တာ။ ကျန်တဲ့ သူတွေကကျတော့ ၁ လ၊ ၂ လလောက်မျိုး၊ ၃ လအကြွေး ကျန်တာမျိုးတော့ ရှိတယ်။ အဲဒါကတော့ သိန်း ၁၀ ဂဏန်း၊ ၁၀၀ ဂဏန်းပေါ့။ အရင်ရှိခဲ့တဲ့ အမှုဆောင်တွေတုန်းက သူတို့လည်း တတ်နိုင်သလောက် တောင်းကြ ပါတယ်။ သို့သော် ချက်ချင်းမပေးလဲ ရနိုင်သေးတဲ့ အခြေအနေမျိုးတွေက ကာဗာပေးနေသလို ရှိတာပေါ့။ ကြိုးစားပြီး တောင်းခဲ့ပါသော်လည်း မရခဲ့တာမျိုးရှိတယ်။ အခုတော့ ကျမတို့က အားလုံးကိုလည်း အသိပေးလိုက်ပြီ။ ဂီတလောကသားတွေကိုလည်း ဒီလိုတော့ ရှိနေပြီဆိုပြီး ပြောပြထားတယ်။ ငွေစာရင်းအသစ်ကိုလည်း ပြောပြထားပြီပြီ။”

သီချင်းတွေအတွက် ငွေမပေးချေသေးတဲ့ FM လိုင်းရဲ့ အမည်ကိုတော့ အခုလောလောဆယ် ထုတ်ဖော်မပြောလိုသေးဘူးလို့ ဆိုပါတယ်။ ရေရှည်လက်တွဲရမယ့်သူတွေဖြစ်လို့ ဒီကိစ္စပြေလည်ချင်တယ်လို့ ဆိုပါတယ်။

“လောလောဆယ် မပြောလိုသေးဘူး။ ဒါပေမယ့် တော်တော်များများက သိကြပါတယ်။ ကျမတို့အနေနဲ့ အရင်ဆုံးညှိနှိုင်းပြီးတော့ ပြောဆိုဦးမှာ ဖြစ်တဲ့အတွက် သူ့ဘက်ကိုလည်း တချက်ကြည့်ပေးတဲ့သဘောပါ။ သူတို့ဘက်ကလည်း အရင်အမှုဆောင် အဟောင်းတုန်းက ပေးပါမယ်ဆိုပြီး ပြောခဲ့တာ ရှိတော့ ဒီနေရာမှာတင် အားလုံး ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်း ပြီးသွားချင်ပါတယ်။”

အခု လက်ရှိအခြေအနေတွေကို ၀န်ကြီးအသစ် ဦးအောင်ကြည်ကို ပြောထားပြီးဖြစ်သလို ၀န်ကြီးကလည်း အနုပညာရှင်တွေရဲ့ ရသင့်ရထိုက်တဲ့ ချွေးနည်းစာ၊ အနုပညာကြေးတွေရအောင် ကူညီပေးပါမယ်ဆိုပြီး ပြောတယ်လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  မြန်မာနိုင်ငံမှာ အက်ဖ်အမ် လိုင်း ၇ လိုင်းရှိတဲ့အနက် ဒီဗွီဘီကနေ လိုက်လံစုံစမ်းကြည့်ရာမှာ ၂၀၀၉ ခုနှစ်ကစတင်တဲ့ မန္တလေးအက်ဖ်အမ်လိုင်း က ငွေအမြောက်အမြားပေးချေးဖို့ ကျန်ရှိနေတယ် ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေပါတယ်။

ဒါနဲ့ ပတ်သက်လို့ မန္တလေးအက်ဖ်အမ်ရဲ့ ဒါရိုက်တာ ဦးကျော်ဝင်းက သူ့အနေနဲ့ ငွေပေးနေတာကို သိပြီး ဘယ်လောက် အရေအတွက် ကျန်ရှိတယ်ဆိုတာကိုတော့ မသိပါဘူးလို့ ပြောပါတယ်။

မန္တလေးအက်ဖ်အမ်ဟာ အနုပညာကြေးကို အစောဆုံးပေးခဲ့တဲ့ အက်ဖ်အမ်လိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တိုးလာတဲ့ အက်ဖ်အမ်လိုင်း အရေအတွက် တိုးပွားလာတဲ့အခါ အနုပညာရှင်တွေကို ပေးရတဲ့ ဈေးအပြောင်းအလဲတွေကြောင့် ကာလတခုအတွင်း ငွေပေးသွင်းခြင်း မပြုနိုင်ခဲ့ဘူးလို့တော့ ဦးကျော်ဝင်းက ရှင်းပြပါတယ်။

“ပြင်ရတော့မယ်ဆိုပြီး ပြင်ဖို့ စနစ်တည်လိုက်တာ ၁ နှစ်နီးပါးကြာတယ်။ အဲအချိန်အတွင်းတော့ မပေးဖြစ်ဘူးပေါ့နော်။ ပေးသင့်သလောက်ပဲပေးပြီး အပြည့်မပေးဖြစ်တော့ဘူး။ အဲအချိန်မှာ ဂီတအစည်းအရုံးကလည်း ကျနော်တို့ကို အရင်ပို့နေကျ စာရင်းလည်း မပို့နိုင်တော့ဘူး။ ဘယ်လိုသွားရမှန်းမသိဘဲ အသစ်လုပ်ကြမယ်ဆိုတော့ ဒီအတိုင်းနေရင်း နေရင်းနဲ့ ကျနော်တို့က ပေးစရာများသွားတယ်။ ဒါပေမယ့် ပြန်တည်ပြီးတဲ့အခါ ပေးစရာတွေကို အရစ်ကျပေးနေတယ်၊ မပေးဘူးဆိုတာ မဟုတ်ပါဘူး။ တခြား အက်ဖ်အမ်တွေလို သူတို့မလွယ်ဘူး။ သူတို့က နှုန်းတခုတည်းပေါ်မှာ ၁ လ ဘယ်လောက်သုံးမယ်၊ သိန်း ၁၀၀  ကျတယ်၊ သိန်း ၅၀ ကျတယ်ဆိုရင် ပေးလိုက်ရုံပဲ။ ကျနော်တို့ကကျတော့ အခုပေးတဲ့ဟာက ဘယ်လကဟာ ဘယ်နှုန်းနဲ့ဆိုပြီး နှုန်းသုံးမျိုးနဲ့ ပေးနေတာ။”

သီချင်းတွေကို FM လိုင်းတွေက လွှင့်တဲ့အခါ ၁ ပုဒ် ၆၅၀ ကျပ်ရပြီး ဒါကို ရေး၊ ဆို၊ တီး၊ စက်မှုနဲ့ ထုတ်လုပ် အလွှာ ၅ လွှာက ခွဲဝေယူရပြီး အဆိုတော်က ၁ ပုဒ်ကို ကျပ် ၁၁၀ လောက်ပဲရကြောင်း၊ စုံတွဲသီချင်းဆိုရင် ၁ ဦးကို ၅၅ ကျပ်လောက်ပဲ ရတယ်လို့ ဖြူဖြူကျော်သိန်းက ရှင်းပြပါတယ်။
အက်ဖ်အမ်လိုင်း ၇ လိုင်းရှိတဲ့အနက် ရန်ကုန်စီးတီး အက်ဖ်အမ်ကတော့ ပေးဖို့ မူဝါဒမရှိဘူးလို့ ဆုံးဖြတ်ပြီး အနုပညာကြေးကို တစုံတရာပေးသွင်းခြင်းမရှိဘဲ ထုတ်လွှင့်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013