A d v e r t i s e m e n t With Us

စိန်ခေါ်မှုများစွာနဲ့ ပန်းဆေးဒေသ

ပန်းဆေးဒေသဆိုတာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းက ကွတ်ခိုင်မြို့နယ်နဲ့ နမ့်ခမ်မြို့နယ်ကြားမှာရှိတဲ့ တောင်ကျောကြီးကို ခေါ်ဝေါ်တာဖြစ်ပါတယ်။ အဲ့ဒီ ပန်းဆေးတောင်ကျောကြီးဟာ တရုတ်နိုင်ငံဘက်ကို မျက်နှာမူထားပြီး အလျားလိုက် သွယ်တန်းနေတာပါ။ ရှေ့နှစ်ပေါင်းများစွာကတည်းက အဲ့ဒီတောင်ကျောပေါ်မှာ ခိုလုံလီရှောလူမျိုးတွေ အခြေချနေထိုင်ခဲ့ကြပြီး ဘေးပတ်လည်မှာတော့ ရှမ်း၊ ကချင်၊ တအာင်း(ပလောင်) တိုင်းရင်းသား ကျေးရွာတွေ တည်ရှိနေပါတယ်။ ခိုလုံလီရှော တိုင်းရင်းသားတွေဟာ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူတွေ ဖြစ်ပါတယ်။ ပန်းဆေးဒေသလို့ နာမည်တွင်လာရတဲ့ အကြောင်းရင်းကတော့ ဗြိတိသျှကိုလိုနီလက်ထက်က ပန်းဆေးရွာလူကြီး ဦးလောက်ကြိုင်ကို သူကြီးအဖြစ် ခန့်အပ်ကာ ပန်းဆေးဒေသကို ဗဟိုပြုပြီး ခိုလုံလီရှော တိုင်းရားသားတွေနေထိုင်ရာ တောင်ကျောကြီးတခုလုံးကို အုပ်ချုပ်စေခဲ့လို့ ဖြစ်ပါတယ်။ “ကျနော်တို့ ပန်းဆေးဒေသမှာ နေထိုင်ခဲ့တာ ကျနော်တို့မျိုးဆက်နဲ့ဆို မျိုးဆက် ၇ ဆက်လောက် ရှိခဲ့ပြီ။ အင်္ဂလိပ်ခေတ်က ကျနော်တို့ရွာသား ဦးလောက်ကြိုင်ကို သူကြီးအဖြစ် ခန့်တယ်။ လားတကောင်နဲ့ တူမီးတလက် အရင်ထုတ်ပေးတယ်။ ပြီးတော့ နှစ်လုံးပြူးတလက်ပေးတယ်။ လိုအပ်တဲ့ ကျည်ဆန်ကိုလည်း ထုတ်ပေးခဲ့တယ်။ ပန်းဆေးဒေသရဲ့ တည်ငြိမ်ရေးအတွက် ဆောင်ရွက်စေတယ်။ အရင်က ပန်းဆေးမှာ တရားသူကြီးတဦးလည်း ရှိခဲ့တယ်” လို့ ပန်းဆေးရွာသား ဦးလောက်ပါးက ဆိုပါတယ်။ ပန်းဆေးဒေသက ခိုလုံလီရှော တိုင်းရင်းသားတွေဟာ ခေတ်အဆက်ဆက် အုပ်ချုပ်သူအစိုးရနဲ့ ပူးပေါင်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရသြဇာခံ ကာကွယ်ရေးတပ်ဖွဲ့အဖြစ် ရပ်တည်ခဲ့ပြီး လက်ရှိအချိန်မှာတော့ တပ်မတော်လက်အောက်ခံ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ (ဌာနေ) အဖြစ် တည်ရှိနေပါတယ်။ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ (ဌာနေ) ရဲ့ လက်ရှိခေါင်းဆောင်တွေဟာ အင်္ဂလိပ်လက်ထက်က ပန်းဆေးရွာသူကြီးရဲ့ ဆွေးမျိုးနီးစပ်သူတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။ “ကျနော်တို့ရဲ့ ပန်းဆေးပြည်သူ့စစ်ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ အရင်ပန်းဆေးရွာသူကြီးနဲ့ အမျိုးတော်တယ်။ အခု ပန်းဆေးဒေသတခွင်လုံးကို စစ်ရေးအရ တာဝန်ယူထားတဲ့ ဦးတင်လှိုင်ဆိုရင်လည်း ရွာသူကြီးရဲ့အမျိုးပဲ။ ရှေ့အစဉ်အဆက်ကတည်းက ကျနော်တို့ ခိုလုံလီရှောလူမျိုးတွေက အစိုးရရဲ့ လက်အောက်ခံအဖြစ်နဲ့ပဲ နေခဲ့တယ်။ တော်လှန်ပုန်ကန်တာ မရှိခဲ့ဘူး” လို့ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ဝင် ဖုန်ကျင်းယန်က ဆိုပါတယ်။ ပန်းဆေးကျေးရွာမှာ ဘုန်းကြီးကျောင်းကလွဲလို့ အဆောက်အဦ ကောင်းကောင်းမွန်မွန် မရှိသလောက်ပါပဲ။ ရာသီဥတုကြမ်းတမ်းပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲလှပါတယ်။ အချိန်အခါမရွေး ရုတ်တရက် မိုးရွာချတတ်သလို ဆောင်းရာသီဆိုရင်လည်း ရေခဲအမှတ်အောက်ထိ အပူချိန်ကျဆင်းပါတယ်။ မြင့်မားတဲ့ တောင်တန်းကျောပေါ်မှာ တည်ရှိနေတာကြောင့် လေအေးတွေ အမြဲဆိုသလို တိုက်ခတ်နေပါတယ်။ ဒါ့ကြောင့် ခိုလုံလီရှောလူမျိုးတွေရဲ့ နေအိမ်တိုင်းမှာ မီးလှုံဖို့အတွက် မီးဖိုထားရှိပါတယ်။ ရာသီဥတုနဲ့ နယ်မြေအနေအထားအရ ဒေသဝမ်းစာအတွက် စိုက်ပျိုးဖြစ်ထွန်းတဲ့သီးနှံ သိပ်မရှိလှပါဘူး။ ဒါ့ကြောင့် ပန်းဆေးဒေသမှာ နေထိုင်သူတွေဟာ ဘိန်းကို မိရိုးဖလာ စိုက်ပျိုးခဲ့ကြပြီး ထွက်ရှိလာတဲ့ ဘိန်းစိမ်းတွေကို ဝမ်းစာရေးဖြေရှင်းဖို့ ရောင်းချစားသောက်ခဲ့ကြတာ ဘိုးဘွားတွေ လက်ထက်ကတည်းက ဖြစ်ကြပါတယ်။ “ဒီဒေသရဲ့ ရာသီဥတုက အရမ်းကြမ်းတယ်။ မြို့နဲ့လည်း အလှမ်းဝေးတယ်။ ပန်းဆေးကနေ နမ့်ခမ်းမြို့ဘက်ကို သွားမယ်ဆိုရင် လမ်းခြောက်တဲ့အချိန်တောင် ဖိုးဝှီးကားနဲ့ တနာရီကျော်ကျော် မောင်းရတယ်။ မိုးတွင်းဆိုရင် ဖိုးဝှီးကားအမြင့်တောင် သွားဖို့ မလွယ်တော့ဘူး။ အရင် ကားလမ်းမရှိခင်ကဆိုရင် လမ်းလျှောက်ပြီး သွားကြရတယ်။ ဒီကထွက်တဲ့ သီးနှံတွေကို မြို့တက်ရောင်းဖို့ အတော်ခက်ခဲတယ်။ ဒီမှာကလည်း ဘာသီးနှံမှ ကောင်းကောင်းစိုက်လို့မရဘူး။ ဆောင်းရာသီဆို ရေခဲတယ်။ ဒေသထွက်ကုန် ဘာမှမရှိတော့ ဘိန်းစိုက်ပြီး ရောင်းစားကြတယ်။ ဒီမှာ ဘိန်းကို စီးပွားဖြစ်စိုက်သူတွေတော့ ရှိတယ်။ ဒါပေမယ့် များသောအားဖြင့်တော့ မိသားစုဝမ်းရေးအတွက် စိုက်ပျိုးကြသူတွေက ပိုများတယ်။ ဘိန်းမှမစိုက်ရရင် ဒီဒေသမှာ နေထိုင်ကြတဲ့ ဘိန်းစိုက်တောင်သူအများစု စားဝတ်နေရေး အခက်အခဲတွေ အများကြီး ဖြစ်သွားနိုင်တယ်” လို့ ပန်းဆေး ဒေသခံတဦးက ပြောပါတယ်။ ပန်းဆေးနယ်မြေအတွင်းက ဘိန်းစိုက်ပျိုးမှုကို အကြောင်းပြုကာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စတင်ကာ လက်ရှိအချိန်ထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ (ဌာနေ) ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အခုလို ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေရတာဟာ ပန်းဆေးဒေသက ထွက်ရှိတဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေကြောင့် ဖြစ်တယ်လို့ TNLA တအာင်းတပ်ဖွဲ့ဘက်က ဆိုထားပါတယ်။ “အဓိက မူးယစ်ဆေးဝါးက ဘိန်းဖြူနဲ့ ရာမပေါ့။ ကျနော်တို့ တောင်ပေါ်ဒေသ ဒီဘက် တအာင်းဒေသမှာ ထွက်တာမရှိဘူး။ ကျနော် ရဲရဲကြီးပြောရဲတာက ပန်းဆေးကျော်မြင့်က ချက်တယ်။ စိုက်တယ်။ ထွက်နေတဲ့ ကုန်ချောတွေကို ကျနော်တို့ တအာင်းဒေသမှာ ဖြန့်ပြီး ဒီနမ့်ဆန်နဲ့ ကျောက်မဲ၊ မန်တုံ၊ သီပေါ ပေါ့နော်။ မူးယစ်ဆေးဝါးတွေ တပုံတခေါင်းပေါ့နော့်။ ကိုယ်တိုင် ကျနော်တို့ တပ်မှူးတွေက သူတို့စခန်းတွေကို ဝင်တိုက်တယ်။ တိုက်ပွဲတိုက်ပြီးတာနဲ့ သူတို့ခံစစ်မနိုင်တော့ ဆုတ်ခွာတဲ့အချိန် ကျနော်တို့ဝင်စီးတယ်။ ကျနော့်တပ်မှူးတွေ အဲ့ဒီအခါ ပစ္စည်းတွေ ဖမ်းမိတယ်။ သူ့ရဲ့ ပန်းဆေးပြည်သူ့စစ်တွေဆီက သိမ်းဆည်းရမိလို့ ပန်းဆေးကျော်မြင့်ရဲ့ ပစ္စည်းလို့ တိတိကျကျ ပြောလို့ရတာ ဖြစ်ပါတယ်” လို့ TNLA ရဲ့ စစ်ဦးစီးချုပ် တာဟိုးပလန်းက ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။ UNODC ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၈ ခုနှစ်က ဟက်တာ ၃၇၃၀၀ ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းက TNLA တအာင်းတပ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အသီးသီးရဲ့ လှုပ်ရှားနယ်မြေတွေမှာ ဘိန်းစိုက်ပျိုးမှုတွေ လက်ရှိအချိန်ထိ အများအပြား ရှိနေပါတယ်။ ဘိန်းစိုက်ပျိုးမှုကို အကြောင်းပြုပြီး TNLA တပ်ဖွဲ့က ပန်းဆေးနယ်မြေကို ကျူးကျော်တိုက်ခိုက်တာဟာ ပန်းဆေးဒေသဟာ စစ်ရေးအရ မဟာဗျူဟာကျတာကြောင့် ဖြစ်နိုင်တယ်လို့ ဝေဖန်သူတွေ ရှိနေပါတယ်။ “မိုင်းယော်တိုက်နယ်ထဲက ပလောင်ကျေးရွာတွေ အားလုံးနီးပါး ဘိန်းစိုက်ကြတယ်။ အိမ်ခြံဝန်းအတွင်းမှာ ဘိန်းစိုက်သလို မြေလွတ်တဲ့နေရာ အတော်များများမှာလည်း စိုက်ကြတယ်။ ပလောင်တွေစိုက်တဲ့ ဘိန်းခြံတွေ လက်ညှိုးထိုးမလွဲဘူး။ မယုံရင် သွားကြည့်လို့ရပါတယ်။ အဲ့ဒီ နယ်မြေထဲမှာ TNLA တပ်ဖွဲ့ အခြေချလှုပ်ရှားနေတယ်။ TNLA အနေနဲ့ ဘိန်းတိုက်ဖျက်တာကို အမှန်တကယ်လုပ်တယ်ဆိုရင် မိုင်းယော်တိုက်နယ်ထဲက သူတို့လူမျိုး ပလောင်ရွာတွေက ဘိန်းစိုက်ခင်းတွေကို အရင်ပပျောက်အောင် လုပ်ပြမှ သဘာဝကျမယ်။ ဘိန်းစိုက်တာကို အကြောင်းပြုပြီး TNLA က ပန်းဆေးဒေသကို တိုက်ခိုက်တာဟာ ပန်းဆေးနယ်ကို သူတို့ထိန်းချုပ်ချင်တာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်” လို့ တပ်မတော်အငြိမ်းစားတဦးက ပြောပါတယ်။ ပန်းဆေးဒေသဟာ နမ့်ခမ်းမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်ကြားမှာ ကန့်လန့်ဖြတ် အလျားလိုက်တည်ရှိနေတဲ့ တောင်ကျောကြီးတခု ဖြစ်နေတာကြောင့် စစ်ရေးအရ အရေးပါနေပါတယ်။ ပန်းဆေးဒေသကနေ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ် အပါအဝင် နီးစပ်ရာ အခြားမြို့နယ်တွေ အတွင်းကို စစ်ရေးလမ်းကြောင်းအရ သွားလာလှုပ်ရှားနိုင်ပါတယ်။ အဲ့ဒီဒေသကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့မဆို ထိန်းချုပ်သွားနိုင်ရင် စစ်ရေးနယ်မြေအရ အသာစီး ရသွားနိုင်တာကြောင့် မိမိတို့ ဇာတိနယ်မြေကို အပြီးတိုင် ကာကွယ်သွားမှာဖြစ်ကြောင်း ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။ “ကျနော်တို့ကို စပြီး လာတိုက်တာက KIA ကချင်တပ်ဖွဲ့ပါ။ ပြီးမှ TNLA တပ်ဖွဲ့က လာတိုက်တာ ဖြစ်ပါတယ်။ ပန်းဆေးရွာထိပ်က တပ်စခန်းကုန်းထိ သူတို့တွေ လာတိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ ပန်းဆေးရွာကို မသိမ်းနိုင်ခဲ့ကြပါဘူး။ ဒီနယ်မြေကို သူတို့ရသွားရင် သူတို့ရဲ့ စစ်ရေးနယ်မြေဟာ တဆက်စပ်တည်း ဖြစ်သွားလိမ့်မယ်။ ကျနော်တို့ဒေသက သူတို့ စစ်ရေးလှုပ်ရှားတဲ့နယ်မြေကို ကြားခံထားတာ ဖြစ်နေတယ်။ ဒါ့ကြောင့် ဒီနယ်မြေကို အရယူချင်ကြတယ်။ ကျနော်တို့လည်း မပေးနိုင်ဘူး။ ဒီနယ်မြေဟာ ကျနော်တို့ ဇာတိမြေ ဖြစ်တယ်။ အဘိုးအဘွား လက်ထက်ကတည်းက အခုချိန်ထိ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာမှ မနေခဲ့ကြဘူး။ ဒါ့ကြောင့် ကျနော်တို့ကတော့ ကျနော်တို့နယ်မြေကို သူများလက်ထဲ ရောက်မသွားအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကာကွယ်သွားမှာပါ။ အစိုးရတပ်မတော်ကလည်း ကျနော်တို့လိုအပ်တာတွေကို ထောက်ပံ့ကူညီနေပါတယ်” လို့ ပန်းဆေး ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။ ၇ နှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ ပန်းဆေးနယ်မြေအတွင်းက စစ်ရေးပဋိပက္ခတွေကြောင့် ဒေသအတွင်း ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူလူထုတွေရဲ့ သုံးပုံတပုံဟာ နီးစပ်ရာ နမ့်ခမ်းနဲ့ မူဆယ်မြို့နယ်တွေဘက်ကို ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။ လူငယ်လူရွယ် အများစုကတော့ တရုတ်နိုင်ငံဘက်မှာ ရရာအလုပ်တွေ သွားရောက်လုပ်ကိုင်နေရင်း မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုတွေကို ထောက်ပံ့နေကြရပါတယ်။ “နယ်မြေအခြေအနေ မကောင်းလို့ ကျနော်တို့ဒေသမှာ နေထိုင်သူ တော်တော်များများဟာ ပြောင်းရွှေ့သွားကြပါတယ်။ နမ့်ခမ်းဘက်နဲ့ မူဆယ်ဘက်တွေသွားပြီး အခန်းငှားပြီး နေကြတာတွေ ရှိတယ်။ တချို့ရွာတွေဆိုရင် အသက်ကြီးသူတွေပဲ ကျန်တော့တယ်။ လူငယ်တွေကတော့ တရုတ်ပြည်ဘက်သွားပြီး အလုပ်လုပ်ပြီး မိဘတွေကို ထောက်ပံ့နေရတယ်။ အရင်က ပန်းဆေးအ.ထ.ကကျောင်းမှာ ကျောင်းသား ၃၀၀ ကျော်ရှိတယ်။ အခု ၁၀၀ ကျော်ပဲ ကျန်တော့တယ်။ ကျောင်းသားမိဘတွေလည်း မြို့ဘက် ပြောင်းရွှေ့သွားကြတော့ ရွာက စာသင်ကျောင်းမှာ ကျောင်းသားတဝက်ကျော် လျော့ကျသွားတယ်” လို့ ပန်းဆေးနယ်ခံ ဦးထွန်းရီက ဆိုပါတယ်။ ဒါ့အပြင် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့က ဒေသအတွင်း ဘိန်းစိုက်ပျိုးမှု လျော့ချနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပြီး TNLA တအာင်းတပ်ဖွဲ့ကလည်း ပန်းဆေးဒေသအတွင်းက ပြည်သူလူထုတွေကို ဖမ်းဆီးကာ ငွေကြေးနဲ့ ပြန်ရွေးယူခိုင်းနေတာတွေ ရှိနေတာကြောင့်လည်း အဲ့ဒီဒေသက ပြည်သူတွေဟာ မိမိနေရပ်ကို စွန့်ခွာပြီး ရေကြည်ရာ မြို့ရွာတွေဘက်ကို ပြောင်းရွှေ့သွားကြတာတွေလည်း ရှိနေပါတယ်။ ပန်းဆေးဒေသကနေ ပြောင်းရွှေ့သွားတဲ့ လူဦးရေဟာ ၇ နှစ်ကျော်ကာလအတွင်း သောင်းနဲ့ချီပြီး ရှိနေပြီဖြစ်ပါတယ်။ “ပြီးခဲ့တဲ့လပိုင်းက ပန်မောင်းရွာ၊ တာကွမ်းရွာနဲ့ မန်မိုင်ရွာက ရွာသူရွာသား ၁၈ ယောက်ကို TNLA တပ်ဖွဲ့က ရွာအတွင်း ဝင်ဖမ်းပြီး တယောက်ကို သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းတယ်။ တချို့လူတွေကတော့ ငွေပေးပြီး ပြန်ရွေးလို့ ပြန်လွတ်လာတယ်။ ငွေမပေးနိုင်သေးတဲ့ သူတွေကတော့ အခုထိ သူတို့ဖမ်းထားတုန်းပဲ။ ပြန်လွတ်မလာသေးဘူး။  အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ ကျနော်တို့ဒေသက လူဦးရေ သောင်းနဲ့ချီပြီး ပြောင်းရွှေ့သွားကြပါတယ်” လို့ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ပန်းဆေးဒေသက ပြည်သူတွေကို ဖမ်းဆီးပြီး ငွေကြေးနဲ့ ပြန်ရွေးခိုင်းတာနဲ့ ပတ်သက်ပြီး TNLA တအာင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်ကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရွာသားတွေကို ဖမ်းဆီးထားတာတော့ရှိပြီး ငွေကြေးနဲ့ ပြန်ရွေးခိုင်းတာတော့ မရှိဘူးလို့ ဆိုပါတယ်။ ဘိန်းစိုက်ပျိုးမှုကို အကြောင်းပြုပြီး ပန်းဆေးနယ်မြေအတွင်းမှာ စစ်ရေးပဋိပက္ခတွေ ပေါ်ပေါက်လာတာကြောင့် ဒေသအတွင်းက ဘိန်းစိုက်ပျိုးမှု ပပျောက်ဖို့အတွက် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ (ဌာနေ) အနေနဲ့ ကြိုးစားဆောင်ရွက်နေတာတွေ ရှိနေပါတယ်။ ဘိန်းပပျောက်ဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ အဓိကကျနေပါတယ်။ “ကျနော်တို့ဒေသမှာ ဘိန်းစိုက်ပျိုးတာ ပပျောက်ဖို့ဆိုရင် ကျနော်တို့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းတွေကို အစိုးရက ဖန်တီးပေးဖို့လိုတယ်။ စက်ရုံအလုပ်ရုံတွေ လာတည်ထောင်ပေးစေချင်တယ်။ အဲ့လိုလာလုပ်မှ ကျနော်တို့ ဘိန်းစိုက်တောင်သူတွေက အဲ့ဒီစက်ရုံတွေမှာ အလုပ်အကိုင်တွေရရှိပြီး ဘိန်းစိုက်တာကို မလုပ်တော့မှာဗျ။ ဘိန်းစိုက်တာ မကောင်းမှန်း သိကြပါတယ်။ ဘိန်းစိုက်နေရင် လက်နက်ကိုင်အားလုံးကိုလည်း ကြောက်နေရတယ်။ ဒါပေမယ့် ဒီဘိန်းမှမစိုက်ရင် အခြားလုပ်စရာမှ မရှိတာဗျာ” လို့ ဘိန်းစိုက်တောင်သူတဦးက ဆိုပါတယ်။ ပန်းဆေးဒေသအတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ခိုလုံလီရှောနဲ့ တအာင်း(ပလောင်) တိုင်းရင်းသားတွေကြားမှာ ယုံကြည်မှုတွေ ပျက်ပြားလာပြီး လူမျိုးရေးဆန်တဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်နေပါတယ်။ စစ်မဖြစ်မီက လူမျိုးစုနှစ်ခုကြားမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတာတွေဟာ လက်ရှိအချိန်မှာ မရှိသလောက် ဖြစ်နေပါတယ်။ “စစ်မဖြစ်ခင်ကဆိုရင် ကျမတို့ ပန်းဆေးရွာဈေးနေ့မှာ ပလောင်ဈေးသည်တွေလာပြီး ဈေးရောင်းကြတယ်။ အခုတော့ ကျမတို့ဈေးကို ပလောင်ဈေးသည်တွေ လာမရောင်းကြတော့ဘူး။ ကချင်နဲ့ ရှမ်းလူမျိုး ဈေးသည်တွေပဲ လာရောင်းကြတော့တယ်။ ပြီးတော့ ကျမတို့ ခိုလုံလီရှော နှစ်သစ်ကူးပွဲတော်ဆိုရင် ပလောင်လူမျိုးတွေလာပြီး ကျမတို့နဲ့အတူ ဝိုင်းဖွဲ့ကကြတာတွေ ရှိတယ်။ စစ်ဖြစ်ပြီးနောက်ပိုင်း သူတို့တွေ မလာကြတော့ဘူး။ အခြားတိုင်းရင်းသားတွေပဲ လာပြီး ပါဝင်ဆင်နွှဲကြတော့တယ်။ ကျမဆန္ဒကိုပြောရရင် စစ်မဖြစ်မီကလိုပဲ လူမျိုးစုတစုနဲ့တစုကြား သံသယကင်းကင်းနဲ့ နေထိုင်သွားချင်တယ်” လို့ ပန်းဆေးကျေးရွာသူ မနီနီထွန်းက ဆိုပါတယ်။ ပန်းဆေးဒေသမှာ တိုက်ပွဲလုံးဝမရှိဘဲ ငြိမ်းချမ်းနေတဲ့ကာလဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား အပစ်အခတ်ရပ်စဲထားတဲ့ ၁၉၉၃ ခုနှစ်လောက်ကနေ ၂၀၁၁ ခုနှစ်၊ နှစ်ဆန်းပိုင်းထိ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်းမှာတော့ ဒေသအတွင်း တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ပန်းဆေးဒေသရဲ့ တည်ငြိမ်မှုဟာ ပျက်စီးသွားခဲ့ရပါတယ်။ အရင်က ငြိမ်းချမ်းခဲ့တဲ့ အခြေအနေတွေကို ပန်းဆေးဒေသမှာ နေထိုင်တဲ့ ပြည်သူလူထုတွေက ပြန်လိုချင်နေကြပါတယ်။ “ဗကပ ပြိုကွဲပြီးနောက်ပိုင်း ကျနော်တို့ ရှမ်းမြောက်က ကိုးကန့်၊ ဝ၊ ပလောင်၊ ကချင်၊ ရှမ်း စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ တခုပြီးတခု အစိုးရနဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ယူခဲ့ကြတယ်။ အဲ့ဒီ အချိန်က ကျနော်တို့ဒေသက ပြည်သူလူထုတွေ ငြိမ်းငြိမ်းချမ်းချမ်း နေခဲ့ကြရတယ်။ အခုတိုက်ပွဲတွေ ပြန်ဖြစ်တော့ ကျနော်တို့ဒေသက ပြည်သူတွေ ဒုက္ခရောက်ကြတော့တာပဲ။ ဒေသတွင်းမှာ စစ်ပွဲတွေ မရှိစေချင်တော့ဘူး။ ငြိမ်းချမ်းတဲ့ အခြေအနေတခုကိုပဲ လိုချင်တယ်” လို့ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့မှူး ဦးတင်လှိုင်က ဆိုပါတယ်။ ခွန်ဇော်ဦး

A d v e r t i s e m e n t With Us

More News
Up