DVB Logo
Home
မြန်မာသတင်း
သမ္မတကို လူထုထောင်ချီ လေဆိပ်တွင် ကြိုဆို
DVB
·
October 1, 2012
သမ္မတကို လူထုထောင်ချီ လေဆိပ်တွင် ကြိုဆို
Donate to DVB

အမေရိကန်ပြည်ထောင်စုခရီးစဉ်က ပြန်လာတဲ့ သမ္မတ ဦးသိန်းစိန်ကို ထောင်နဲ့ချီတဲ့ လူထုက ရန်ကုန်လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

ကြိုဆိုခဲ့ကြတဲ့ သူတွေထဲမှာ ယူအမ်အက်ဖ်စီစီအိုင်လို စီးပွားရေးအုပ်စုဝင်တွေ၊ နိုင်ငံရေးပါတီတချို့၊ ရုပ်ရှင်နဲ့ ဂီတအနုပညာရှင်တွေ၊ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ၊ တကိုယ်တော် လာရောက်ကြိုဆိုသူတွေ ပါဝင်တယ်လို့ ဒီနေ့မနက် ရန်ကုန်လေဆိပ်မှာ သတင်းသွားယူတဲ့ သတင်းထောက် ဥက္ကာကိုကိုက ပြောပါတယ်။

“ကြိုတဲ့သူတွေက ကုန်သည်စက်မှုအသင်းချုပ်က ၀န်ထမ်းတွေရယ်၊ မြန်မာအီးဂရက်စ်က သင်တန်းသားတွေ၊ ပြည်ခိုင်ဖြိုးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီပါတီအင်အားစုက လူတွေ၊ အထည်ချုပ်လုပ်ငန်းက ၀န်ထမ်းတွေ၊ ရုပ်ရှင်နဲ့ဂီတအစည်းအရုံးက သရုပ်ဆောင်တွေ၊ အဆိုတော်တွေလည်းပါတာပေါ့။ တခြား ပြည်သူတွေလည်းပါတယ်။ တကယ်လာကြိုကြတဲ့သူတွေလည်းရှိတယ်။ တချို့ သဘောကျလို့ဆိုပြီး တယောက်တည်းလာတဲ့သူလည်း ရှိတယ်။ တချို့ဆိုရင် အဖွဲ့လိုက်လာကြတယ်။ ဒါပေမယ့် စီစဉ်ထားတဲ့သူတွေက ပိုများတယ်ထင်တယ်။”

သမ္မတဦးသိန်းစိန်ဟာ သူ့ကို လာကြိုကြတဲ့ သူတွေကို လေဆိပ်အပြင်လမ်းမထိ လမ်းလျှောက်ပြီး ပြန်လည်နှုတ်ဆက်ခဲ့တယ်။ ကားပေါ်ရောက်တော့လည်း ကားမှန်ကိုချက်ချင်းချပြီး လမ်းဘေးဝဲယာက သူ့ကိုကြိုနေသူတွေကို လက်ပြနှုတ်ဆက်သွားတယ်လို့ ပြောပါတယ်။

လာကြိုကြတဲ့ သူတွေဟာ ဦးသိန်းစိန်ဓာတ်ပုံနဲ့ ဂုဏ်ပြုစာတမ်းတွေ ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြတာပါ။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကတော့ သမ္မတရဲ့ လုပ်ဆောင်ချက်ကို နှစ်သက်လို့ သူတို့ပါတီက သွားကြိုတာလို့ ပြောပါတယ်။

“သမ္မတက နိုင်ငံကိုယ်စား အမေရိကားရောက်သွားခဲ့တယ်။ သူ့ရဲ့ လုပ်ကိုင်ချက်တွေက တိုင်းပြည်အတွက် အများကြီးကောင်းတယ်ဆိုတာ တွေ့ခဲ့တယ်။ နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာရော၊ နောက် အဲမှာတွေ့နေတဲ့ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ၊ တိုင်းပြည်အတွက် အများကြီး ဆွေးနွေးခဲ့နိုင်တယ်ပေါ့။ တိုင်းပြည်အတွက် လုပ်နိုင်ခဲ့တဲ့အတွက် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ၀မ်းမြောက်ဝမ်းသာတဲ့အတွက် သွားကြိုတာပါ။”

သမ္မတအနေနဲ့ သူ့ကို အခုလို ကြိုဆိုတာတွေ့ရလို့ အံ့အားသင့်ပြီး ၀မ်းသာနေတယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောပါတယ်။

“သမ္မတကြီး ကိုယ်တိုင်လည်း ၀မ်းမြောက်ဝမ်းသာ အံ့အားသင့်သွားတာပေါ့။ သူ ကားပေါ်မတက်ခင် အကုန်လုံးကို လိုက်နှုတ်ဆက်တယ်။ ကျေးဇူးတင်တဲ့အကြောင်းပေါ့။ ဘာပဲပြောပြော ကျနော်တို့ဘေးက လူတွေတောင် သမ္မတကြီး ကိုယ်စား ပီတိဖြစ်ပါတယ်။ ၁ နှစ်ခွဲအတွင်းမှာ သူလုပ်ခဲ့တာတွေက အများကြီးပဲ။ တချို့ဟာတွေ ရဲရဲရင့်ရင့်လုပ်ခဲ့တယ်။ တချို့ဟာတွေ အမြော်အမြင်ရှိရှိပေါ့နော်။ နောက်ဆုံးတော့ သူပြောနေကျစကား ပြည်သူအကျိုးအတွက် လုပ်သင့်လုပ်ထိုက်တာကို ရဲရဲရင့်ရင့် အမြော်အမြင်ရှိရှိ လုပ်ခဲ့တာတွေအတွက် ဒါကို ပြည်သူလူထုက ပြန်ပြီး ရောင်ပြန်ဟပ်တယ်လို့ပဲ ယူဆပါတယ်။ နောက် ဒီလိုမျိုး တခဲနက် ကြိုဆိုကြတာမြင်လိုက်တဲ့အတွက် သမ္မတကြီးအတွက် နောက်ထပ်ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ တွန်းအားပေးလိုက်တာလို့ ယုံကြည်ပါတယ်။”

ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေးက သူတို့ ဂီတအစည်းအရုံးက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အပါအ၀င် ၈ ဦး သွားကြိုခဲ့ကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့က ဒေါ်ဖြူဖြူကျော်သိန်းကလည်း ဆက်သွယ်တယ်လေ။ သွားကြိုရအောင်ဆိုတော့ ဂီတသမားတော်တော်များများ စုစည်းပြီး သွားကြိုတာပါ။ ဘယ်သူကမှ ကြိုခိုင်းလို့မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ နိုင်ငံတော်သမ္မတကြီးဆိုတော့ သွားကြိုတာပါ။ ”

သမ္မတကို တကိုယ်တော်လာကြိုတဲ့သူတွေ မေးကြည့်တော့ သမ္မတပြောတာဆိုတာလုပ်တာတွေ သဘောကျလို့ လာကြိုတာလို့ ဆိုပြီး၊ စက်ရုံအလုပ်သမားတချို့ကတော့ သူတို့ စက်ရုံက စီစဉ်ပေးတဲ့အတိုင်း လာကြိုကြတာဖြစ်ပြီး သမ္မတကို သိပ်မသိကြဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

သတင်းထောက်ဥက္ကာကိုကိုကတော့ သမ္မတကိုကြိုတဲ့မြင်ကွင်းကြည့်ပြီး သတင်းသမားတဦးအနေနဲ့ သူမြင်မိတာကို အခုလို ပြောပါတယ်။

“လူအများကြီးကြိုတဲ့ ခေါင်းဆောင်ဆိုလို့ ကျနော့်အနေနဲ့က ဒေါ်စုတယောက်ပဲ တွေ့ဖူးပါတယ်။ အခုလိုအရမ်းကို သမ္မတကြီးကို ကြိုမယ်လို့ ထင်တော့ထင်ထားပါတယ်။ ဘာလို့လဲဆိုတော့ သမ္မတကို အခု ပြည်သူတွေက တော်တော်များများက ကြိုက်နေကြတယ်ဆိုတော့လေ။ အခုလူအင်အားကတောင် နည်းနည်း နည်းနေသေးတယ်ထင်တယ်။”

သမ္မတဦးသိန်းစိန်ရဲ့ ရက်သတ္တတပတ်ကြာ အမေရိကန်ခရီးစဉ်အတွင်း ကုသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့ပြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အစိုးရခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013