ရန်ကုန် ၄ မြို့နယ်ရှိ ရေသန့်စက်ရုံများ ရှောင်တခင်စစ်ဆေး၊ စက်ရုံတချို့ ယာယီပိတ်သိမ်း
ပိုင်စိုး
·
February 21, 2019
ရန်ကုန်က ရေသန့်စက်ရုံတွေကို စစ်ဆေးတဲ့အခါ အများစုက ထုတ်လုပ်တဲ့ပုံစံ မကောင်းတာ ကြောင့် ယာယီပိတ်သိမ်းခဲ့ရတယ်လို့ ရန်ကုန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (အက်ဖ်ဒီအေ) တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ရန်ကုန် အက်ဖ်ဒီအေဟာ တလမှာ မြို့နယ် ၄ ခုကို ဆင်းပြီး သောက်ရေသန့် လုပ်ငန်းတွေကို ရှောင်တခင် ကွင်းဆင်းစစ်ဆေး အရေးယူတာတွေ လုပ်နေတာပါ။
တာဝန်ခံ တယောက်ဖြစ်တဲ့ ဒေါက်တာ မင်းဝဏ်က “ဒီဇင်ဘာတုန်းက ၁၆ ရုံ စစ်တယ်။ အဲဒီမှာ ၂ ရုံက လိုင်စင်မရှိလို့ ပိတ်သိမ်းတယ်။ ၁၁ ရုံက ပြန်ပြင်ဖို့အတွက် ယာယီ ပိတ်သိမ်းတယ်။ ၃ ရုံပဲ ကောင်းတယ်။ ဇန်နဝါရီမှာလည်း ၁၆ ရုံစစ်တယ်။ ၉ ခုကို ပိတ်တယ်။ ၇ ရုံကတော့ ကောင်းတယ်။ ပိတ်သိမ်းတယ်ဆိုတာက ယာယီပိတ်သိမ်းတာပါ။ သူတို့ ပြန်ပြင်ဆင်ပြီး တင်ပြလို့ ကျနော်တို့ ပြန်စစ်ပြီး ကောင်းတယ်ဆိုရင် ပြန်ဖွင့်ပေးပါတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာလထဲမှာ မရမ်းကုန်း၊ သန်လျင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) နဲ့ ရွှေပြည်သာမြို့နယ်တို့ကို ကွင်းဆင်းခဲ့တာပါ။
“ဒီနေ့မှာလည်း တွံတေးမြို့နယ်ကိုဆင်းပြီး စစ်ဆေးရာမှာ ၄ ခု စစ်တာမှာ ၄ ခုလုံး မကောင်းလို့ ယာယီပိတ်ခဲ့တယ်။ မြောက်ဥက္ကလာမှာတော့ အက်ဖ်ဒီအေက သင်တန်းဆင်းထားတဲ့ စက်ရုံတခု ကတော့ ကောင်းတယ်။ ကျန်တဲ့ တချို့ကတော့ မကောင်းလို့ ယာယီပိတ်ခဲ့တယ်” လို့ ဒေါက်တာ မင်းဝဏ်က ပြောပါတယ်။
ကောင်းမွန်တဲ့ ထုတ်လုပ်မှုကျင့်စဉ်(GMP) နဲ့ မကိုက်ညီရင် အကြီးစား ပြုပြင်ဖို့အတွက် ယာယီရပ်ဆိုင်းခိုင်းပြီး ပိတ်ထားတုန်းမှာ ဖြန့်ဖြူးထုတ်လုပ်ရောင်းချတာမလုပ်ဖို့၊ မလိုက်နာရင် အစားအသောက်ထုတ်လုပ်တဲ့ ထောက်ခံချက် ပြန်ရုပ်သိမ်းသွားမှာကို သိရှိကြောင်း ခံဝန် လက်မှတ်ထိုးခိုင်းထားတယ်လို့ ရန်ကုန် အက်ဖ်ဒီအေက ထုတ်ပြန်ထားပါတယ်။