ဂျူးမုန်းတီးရေးဝါဒအပေါ် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပြင်သစ်သမ္မတ ပြော

588
ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက ဂျူးမုန်းတီးရေး ဝါဒအပေါ် ပုံစံမျိုးစုံနဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကတိပြုလိုက်ပါတယ်။
ပြင်သစ်နိုင်ငံအရှေ့ပိုင်း ဂျူးသင်္ချိုင်းတခုက အုတ်ဂူ အလုံး ၉၀ လောက်ကို ဂျူးဆန့်ကျင်ရေး ဆောင်ပုဒ်တွေ၊ ဂျူးလူမျိုးသန်းချီ သတ်ဖြတ်ခဲ့တဲ့ နာဇီတွေရဲ့ သင်္ကေတ စကြာတံဆိပ်တွေနဲ့ လက်သရမ်း ဖျက်ဆီးခဲ့အပြီးမှာ နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။
ဂျူးဆန့်ကျင်ရေးဝါဒီတွေကို လက်ပိုက်ကြည့်မနေဖို့ ဝေဖန် တိုက်တွန်းမှုတွေ ဆူဆူညံညံ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် မက်ခွန်းက လက်သရမ်း ဖျက်ဆီးခံရတဲ့ ဂျူးသင်္ချိုင်းဆီ ကိုယ်တိုင်သွားခဲ့ပြီး ခုလို ကတိပြုခဲ့ပါတယ်။
"ကျနော်တို့ အရေးယူမယ်၊ ဥပဒေတွေကို အသက်သွင်းမယ်၊ အပြစ်ပေးမယ်။ ဒါပေမယ့် အဆုံးသတ်မှာ ဒါဟာ လူတယောက်ချင်းစီရဲ့ အသိတရားနဲ့ဆိုင်တယ်။ သမ္မတနိုင်ငံထဲက လူတွေဟာ ကိုယ့်ဟာကိုယ် သင်ယူရတယ်။ မဟုတ်ရင် သမ္မတနိုင်ငံနဲ့ မထိုက်တန်ဘူး။ သူတို့အားလုံး အပြစ်ပေးခံရမယ်။ ဒီမှာ ဖြစ်ခဲ့တာတွေကို တခြားလူတွေပါ စိတ်ကူးရသွားတာမျိုး ကျေနာ် မလိုချင်ဘူး။ ကျနော်တို့ အကောင်းဆုံးအဖြေကို ရှာမယ်" လို့ မက်ခွန်းက ပြောပါတယ်။
ပြင်သစ်နိုင်ငံတလွှား အုန်းအုန်းကျွက်ကျွက် ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ကို ဆန့်ကျင်တဲ့ မြို့တော်ပါရီက အင်္ဂါညနေ ချီတက်ပွဲကို မက်ခွန်းသာမက ဝန်ကြီးချုပ်နဲ့ သမ္မတဟောင်းတွေ အပါအဝင် ပြင်သစ် နိုင်ငံရေးသမား အများအပြားလည်း တက်ရောက်ခဲ့ပါတယ်။
ပြင်သစ်ဟာ ဥရောပမှာ ဂျူးလူ့အဖွဲ့အစည်း အကြီးဆုံးတည်ရှိရာနိုင်ငံ ဖြစ်ပါတယ်။ ဂျူးလူမျိုး ငါးသိန်းခွဲဟာ ပြင်သစ်နိုင်ငံမှာ နေထိုင်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ဂျူးလူဦးရေ ၂ ဆ တိုးလာပေမယ့် ဂျူးဆန့်ကျင်ရေး ဝါဒီတွေရဲ့ တိုက်ခိုက်မှုက အရင်အတိုင်း ရှိနေဆဲပါ။
ပြင်သစ်မှာ ၂၀၁၈ ခုနှစ်က ဂျူးဆန့်ကျင်ရေး ဝါဒီတွေရဲ့ တိုက်ခိုက်မှု ငါးရာကျော် ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် ၇၄ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ အရင်အပတ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ပြသထားပါတယ်။