ဒဏ္ဍာရီဆန်တဲ့ ရ၀မ်တို့ရဲ့ ရိုးရာ ဘူးပုလွေ
နော်နိုရင်း
·
February 21, 2019
ဘူးပုလွေဟာ များသောအားဖြင့် ရှမ်းလူမျိုးတို့ရဲ့ ရိုးရာတူရိယာလို့ လူသိများနေပေမယ့် ရှမ်းလူမျိုးရဲ့ ဘူးပုလွေနဲ့ ပုံစံမတူဘဲ ဒဏ္ဍာရီဆန်တဲ့ ရ၀မ်လူမျိုးတွေရဲ့ ဘူးပုလွေတခုလည်း ရှိပါတယ်။
ရ၀မ်လူမျိုးတို့ရဲ့ ဘူးပုလွေဟာ ဘူးသီးခြောက်တလုံးပေါ်မှာ ပုလွေ ၅ ချောင်း စွပ်ထည့်ထားပြီး မှုတ်ရတဲ့ တူရိယာတမျိုးဖြစ်ပါတယ်။
သူ့ရဲ့ ဒဏ္ဍာရီဆန်တဲ့ ပုံပြင်လေးကတော့ ရှေးတခါတုန်းက ဇနီးမောင်နှံနှစ်ဦးရှိပါတယ်တဲ့။ ဇနီးဖြစ်သူဟာ အရမ်းဖျားနာပြီး ဘယ်ဆေးနဲ့ကုကု ကုသလို့ မပျောက်ဖြစ်နေပါတယ်။ တနေ့ကျတော့ သူ့ရဲ့ ခင်ပွန်းသည်က တောင်ယာသွားရင်းနဲ့ ဘူးခြောက်တလုံးကို တွေ့တဲ့အခါမှာတော့ သစ်ပုလွေတချောင်းကို ဘူးခြောက်ထဲထည့်ပြီး မှုတ်ကြည့်ရာမှာ အသံပိုကြည်ပြီး နားထောင်ကောင်းတဲ့အတွက် အိမ်ကိုယူသွာတယ်တဲ့။ အိမ်မှာ နာမကျန်းဖြစ်နေတဲ့ ဇနီးသည်ကို အဲဒီဘူးခြောက်ပုလွေကို မှုတ်ပြပြီး နားထောင်စေခဲ့ပါတယ်။ အမျိုးသမီးဟာ နားထောင်ရင်းနဲ့ ဖျားတာနေ သက်သာလာပါတယ်တဲ့။ နောက်တရက်မှာလည်း ပုလွေတချောင်း ထည့်ပြီးမှုတ်တယ်။ အဲလိုနဲ့ ရက်ဆက် ပုလွေ ၅ ချောင်းထည့်ပြီး နာမကျန်းဖြစ်နေတဲ့ သူ့ရဲ့ ဇနီးသည်ကို မှုတ်ပြရာကနေ ဇနီးသည်လည်း ဘာနဲ့မှ ကုလို့မရတဲ့ ရောဂါပျောက်သွားတယ်တဲ့။
အဲဒီကနေစပြီး အနာရောဂါကုတဲ့ ကိရိယာအဖြစ် သတ်မှတ်အသုံးပြုလာခဲ့ကြတာလို့ လီဆူတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့က လီရဲဂျားက ပြောပါတယ်။
“နောက်ပိုင်းကျတော့ လူတွေက လောဘကြီးကြီးနဲ့ လူများဒုက္ခရောက်တဲ့၊ ဖျားနာတဲ့လူတွေ ကို အဲဒါကုပေးလိုက်၊ ပိုက်ဆံတောင်းလိုက် အဲလိုလုပ်လိုက်တာကြောင့် အဲဒီတန်ခိုး ပျောက်သွားရော၊ အဲဒါနဲ့ နောက်ပိုင်း တူရိယာပစ္စည်းဖြစ်သွားတယ်။”
နောက်ပိုင်း ဒီဘူးခြောက်ပုလွေကို ရိုးရာတူရိယာတခုအနေနဲ့ တီးမှုတ်လေ့ရှိတယ်လို့လည်း ပြောပါတယ်။