ကရင်နီလူငယ် ၅၅ ဦးကို စွဲထားသည့် ငြိမ်းစုစီအမှုများအားလုံး ပြန်ရုပ်သိမ်း
DVB
·
February 20, 2019
ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်လှုပ်ရှားလို့ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ ၂၀ နဲ့တရားရင်ဆိုင်နေရတဲ့ ကရင်နီပြည်လူငယ်အင်အားစုက လူငယ် ၅၅ ဦးရဲ့အမှုကို လွိုင်ကော်မြို့နယ် တရားရုံးက ဒီကနေ့ ပြန်ရုပ်သိမ်းလိုက်ပါတယ်။
ကရင်နီပြည်လူငယ်အင်အားစုမှ ကိုဒီးဒီက "ဟိုးအရင် ကြေးရုပ်ကန့်ကွက်ကတည်းက ပါဝင်ခဲ့တဲ့သူတွေရော၊ ဒီနောက်ပိုင်း ပါဝင်ခဲ့တဲ့လူတွေအားလုံးလည်း ပါပါတယ်။ သူတို့ သဘောတူညီချက်အရ အမှုရုပ်သိမ်းဖို့ပါတဲ့အတွက် ဒီရက်တော့ အားလုံးကို ရုပ်သိမ်းလိုက်ပါတယ်" လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ရေး ကော်မတီနဲ့ ပြည်နယ်အစိုးရတို့ရဲ့ နှစ်ဖက်သဘောတူညီချက်အရ ခုလို ပြန်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
ပြည်နယ်အစိုးရက ဗိုလ်ချုပ်ကြေးရုပ်ကိစ္စဟာ အစိုးရနဲ့မဆိုင်ဘဲ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနဲ့သာ သက်ဆိုင်ကြောင်း ပြောဆိုခဲ့ပေမယ့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကတော့ ဒီကိစ္စအပေါ် တာဝန်မခံနိုင်ကြောင်းနဲ့ အစိုးရနဲ့သာဆိုင်ကြောင်းပြန်လည် ပြောဆိုထားပါတယ်။
ဒါကြောင့် ကရင်နီလူငယ်တွေအနေနဲ့ ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီးတလအတွင်း စောင့်ကြည့် မှာဖြစ်ပြီး အစိုးရဘက်က တုံ့ပြန်မှုမရှိပါက လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၅ ရက်ကလည်း ကရင်နီလူငယ် ၉ ဦးအပေါ်စွဲထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊( ဂ)အမှုကို ရုပ်သိမ်းခဲ့သလို ဒီနေ့ ငြိမ်းစုစီပုဒ်မ ၁၉နဲ့ ၂၀ အမှုကို ထပ်မံရုပ်သိမ်းတာကြောင့် ကရင်နီလူငယ်တွေရင်ဆိုင်နေရတဲ့ အမှုအားလုံး ရုပ်သိမ်းပြီးဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး