Home
မြန်မာသတင်း
မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်တော့မည်
DVB
·
February 20, 2019
ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုဇုန် မြောက်ဦးမြို့ကို လာမယ့် စက်တင်ဘာလအတွင်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်တော့မှာ ဖြစ်တယ်လို့ မြောက်ဦးမြို့ ရှေးဟောင်း သုတေသနဦးစီးဌာနက ပြောပါတယ်။ မြောက်ဦးရှေးဟောင်းသုတေသနဦးစီးဌာန ဦးစီးမှူး ဒေါက်တာ သောင်းထိုက်က “ဒီ ၂၀၁၉ စက်တင်ဘာဆိုရင် ကျနော်တို့ Nomal Nation Dossier Draft ကိုတင်ဖို့ လျာထားချက်ရှိပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်တော့ ကျနော်တို့က Final Dossier ကို ကမ္ဘာ့အမွေအနှစ်ကော်မတီကို တင်ပြဖို့ ဆောင်ရွက်နေတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ Time Frame အတိုင်းလုပ်နေပါတယ်”လို့ ပြောပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရတာနဲ့ တပြိုင်နက် နိုင်ငံတကာက ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ လာရောက်ကြမှာဖြစ်လို့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ဆိုင်တဲ့ နည်းပညာဆိုင်ရာလုပ်ငန်းတွေ တိုးတက်လာမှာဖြစ်သလို ဒေသနေ လူ့အဖွဲ့အစည်းရဲ့ အလုပ်ကိုင်အခွင့်အလမ်းရော စီးပွားရေးလုပ်ငန်းတွေပါ တိုးတက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ မြောက်ဦးဒေသ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် UNESCO ဝင်နိုင်ရေး အစိုးရအပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်တွင်း၊ ပြည်ပက ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း ဒေါက်တာသောင်းထိုက်က  ပြောပါတယ်။ “ကျနော်တို့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းတတ်ဖို့ ဟောပြောပို့ချနေတာတွေရှိတယ်။ လစဉ်အလိုက် အုပ်စုတွေခွဲထားပြီးတော့ သင်တန်းတွေပို့ချပေးနေတာဖြစ်ပါတယ်။ အဲတော့ ဒါနဲ့ပတ်သတ်ပြီးတော့ သူတို့ အရင်က မသိသေးတဲ့အခြေအနေတွေကို အခုသိလာတော့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သတ်ပြီး အရင်ကထက် အများကြီး လုပ်လာနိုင်တယ်ပေါ့လေ။” မြောက်ဦးခေတ်ဟာ ယဉ်ကျေးမှုသာသာမက စီးပွားရေးနဲ့ တခြားနယ် ပယ်တွေမှာလည်း အထင်အရှားရှိခဲ့တဲ့ သမိုင်းမှတ်တမ်းတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ ပျူမြို့တမြို့တည်းကသာ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ပြီး လက်ရှိမှာ ပုဂံကိုရော  မြောက်ဦးမြို့ကိုပါ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။ နိုင်ငံ ၁၆၅ နိုင်ငံမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တဲ့ အဆောက်အဦး ၁၀၇၃ သတ်မှတ်ခံ ထားရတာဖြစ်ပြီး မြန်မာနိုင်ငံက ပျူးမြို့ကဟောင်းတခုသာ ကမ္ဘာ့အမွအနှစ်စာရင်း သတ်မှတ်ခံ ထားရပါတယ်။ သတင်း၊ ဓာတ်ပုံ-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024