DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြစ်ကြောင်း သမ္မတပြော
DVB
·
September 28, 2012
တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြစ်ကြောင်း သမ္မတပြော
Donate to DVB

ကချင်ပြည်နယ်မှာ စစ်ပွဲတွေဆက်ဖြစ်တာဟာ အစိုးရတပ်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့် ထုတ်ထားပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့်တွေ မထုတ်တဲ့အတွက် တိုက်ပွဲဖြစ်တာလို့ နိုင်ငံတော်သမ္မတက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ရောက်နေတဲ့ သမ္မတဦးသိန်းစိန်က Asia Society မှာ ကျင်းပတဲ့ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

“ကချင်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ကျနော်တို့ ထိတွေ့ဆက်ဆံမှုတွေ ရှိပါတယ်။ တချို့သဘောထားလေးတွေက နည်းနည်း ကွဲလွဲနေတာလေးရှိတယ်။ ဥပမာအားဖြင့် အစိုးရတပ်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းထားတယ်၊ ရပ်ဆိုင်းမိန့်တွေ ထုတ်ထားတယ်။ ဟိုဘက်က ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းတဲ့အမိန့်တွေ မထုတ်ဘူး။ မထုတ်တဲ့အတွက် အောက်ခြေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်။ ဒါတွေကို တဖြည်းဖြည်းနဲ့ ရပ်စဲသွားအောင် လုပ်မယ်ဆိုရင် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ကေအိုင်အိုအဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်ရပ်ခဲ့ပြီးဖြစ်ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်ကောင်စီ မဖျက်ခင်ထုတ်တဲ့ တိုင်းရင်းသားတွေ နယ်ခြားစောင့်တပ် ပြောင်းရင်ပြောင်း မပြောင်းရင် လက်နက်ချဆိုတဲ့ ရာဇသံကြောင့် အပစ်ရပ်သဘောတူတာပျက်ပြီး တိုက်ပွဲပြန်ဖြစ်လို့ စစ်ရှောင်ဒုက္ခသည် ၁ သိန်းနီးပါး လောက်ရှိနေတာပါ။

သမ္မတက ၂၀၁၁ ခုနှစ်ကုန်ပိုင်းမှာ တိုက်ခိုက်မှုတွေရပ်တန့်ဖို့ တပ်မတော်ကို အမိန့်ပေးခဲ့တဲ့အကြားက တိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပြီး လက်ရှိမှာ ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးကို ချဉ်းကပ်လာနေတာပါ။

ကေအိုင်အေဘက်က  အပစ်ရပ်မိန့် မပေးလို့ တိုက်ပွဲဖြစ်ရတယ်ဆိုတဲ့ သမ္မတပြောကြားချက်အပေါ် ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်းက ထိုးစစ်ကို ပြုလုပ်နေတာ ဘယ်သူပါလဲလို့ ပြန်လည်မေးခွန်းထုတ် တုံ့ပြန်ပါတယ်။ အပစ်ရပ်ဖို့ထက် ပြဿနာရဲ့အရင်းအမြစ်ကို ဖြေရှင်းရမယ်လို့ ပြောပါတယ်။

“ထိုးစစ်လုပ်တာက ဘယ်အဖွဲ့လဲဆိုတာ မေးစရာရှိတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့က ရမခကနေ ရှေ့တန်းကိုညွှန်ကြားမှုရှိတယ်။ ၁၈ ရက်ကနေစပြီးတော့ ရှမ်းပြည်မြောက်ပိုင်းမှာလည်း စစ်ဆင်ရေးပြန်လုပ်ဖို့ ရှေ့တန်းထွက်တဲ့ တပ်ဖွဲ့တွေကို ညွှန်ကြားတာရှိတယ်။ ဒါကိုကြည့်ရင် သမ္မတကတော့ အမြဲတမ်း သူပြောတဲ့စကားပါ။ ဒါပေမယ့် ရှေ့တန်းမှာ သူ့ညွှန်ကြားချက်တွေက ထိရောက်မှုရှိရဲ့လား ဆိုတာ မေးစရာရှိတယ်။ ထိုးစစ်မလုပ်ဘူးဆိုပေမယ့် တပ်တွေအလုံးအရင်းတက်လာတယ်ဆိုတာ ဒါ ထိုးစစ်တာပဲ။”

ကချင်အတိုင်ပင်ခံအဖွဲ့ဝင်၊ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့ဝင် ဦးဆင်ဝါးနောင်က အစိုးရဘက်က ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တရုတ်နိုင်ငံ ရွှေလီမှာ ဆွေးနွေးစဉ်တုန်းက အပစ်ရပ်ဖို့ သဘောတူမလိုဖြစ်ပြီးကာမှ စကားလုံး ၄ လုံး ရွေးချယ်မှုကြောင့်နဲ့ ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်းရဲ့ နေပြည်တော် ရှင်းလင်းပွဲပြောဆိုချက်ကြောင့် ပျက်ပြားခဲ့ပုံကို အခုလို ပြောပါတယ်။

“နေပြည်တ်ာမှာ ဗိုလ်ချုပ်ကျော်ဆန်းက သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ ကေအိုင်အေကို အပုပ်ချပြောတာပေါ့။ သူတို့ နားထဲမှာ အဲလိုမျိုးကြားသွားသွားတာ။ နေပြည်တော်မှာတော့ ဒီလိုပြောနေပြီ။ ကေအိုင်အိုကို လက်ရှိအစိုးရက ဘယ်လိုမြင်သလဲ။ ဘယ်အဆင့်ထားသလဲ စသဖြင့် မေးခွန်းတွေ အများကြီး မေးလာတာပေါ့။”

နှစ်ဘက်ကိုယ်စားလှယ်တွေ ပဏာမအလွတ်သဘော တွေ့ဆုံဆွေးနွေးနေကြတာထက် နှစ်ဖက်တာဝန်ရှိသူတွေ အတည်ညှိနှိုင်း ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

ကေအိုင်အိုရဲ့ ထိပ်ပိုင်းခေါင်းဆောင်ရာထူးမှာ ဆယ်စုနှစ်နဲ့ချီပြီး လုပ်ဆောင်လာရာက နိုင်ငံရေးပါတီထူထောင်ဖို့ နုတ်ထွက်ခဲ့တဲ့ ဒေါက်တာတူးဂျာကလည်း နှစ်ဘက်တိုက်ခိုက်မှုတွေဟာ တပ်နေရာချထားရေး ဆွေးနွေးအဖြေရှာဖို့ အဓိကကျနေတာ မြင်တွေ့တယ်လို့ ပြောပါတယ်။

“အခုက သူတို့အချင်းချင်း ယုံကြည်မှုအပိုင်းမှာ အားနည်းနေကြသေးတယ်။ ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးကြဦးမယ်ဆိုရင် တပ်ပိုင်းဆိုင်ရာကို သူတို့အကျေအလည် သဘောတူညီမှုရအောင် ဆွေးနွေးနိုင်ပြီဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးကတော့ ဖြစ်လာမှာပါ။”

ကုလသမဂ္ဂ ညီလာခံတက်နေတဲ့ သမ္မတက မိန့်ခွန်းမှာလည်း ကချင်စစ်ပွဲကိစ္စ၊ ရခိုင်ပြည်ကိစ္စ၊ အစိုးရအကောင်အထည်ဖော်ဆောင်နေတဲ့ လုပ်ငန်းတွေ၊ စိန်ခေါ်မှုတွေ၊ အသီးအပွင့်တွေကို ထည့်သွင်းရှင်းပြခဲ့ပါတယ်။

အစိုးရနဲ့သက်ဆိုင်သူတွေအားလုံးအကြား နိုင်ငံရေးသည်းခံမှုရှိရှိနဲ့ မျက်နှာစုံညီ ဆွေးနွေးအဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု ဓလေ့သစ်ကို စတင်ပုံဖော်နိုင်ပြီလို့ ပြောပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေ အားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာဆောင်ရွက်ဖို့လိုတယ်လို့ ယုံကြည်တာကြောင့် ပြည်တွင်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတရပ်ရဖို့ အလေးထား ဆောင်ရွက်နေတယ်လို့ သမ္မတက ပြောပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ ရေတိုရေရှည် စီမံချက်ချမှတ် ဖြေရှင်းမယ်လို့ သမ္မတက ပြောပါတယ်။

လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံအနေနဲ့ ကိုယ့်နယ်စပ်မျဉ်းတွေကို လုံခြုံအောင်ဆောင်ရွက်ခွင့်၊ အချုပ်အခြာအာဏာကို ကာကွယ်ခွင့်တွေ ရှိတယ်လို့ ယုံကြည်ပြီး အပြည်ပြည်ဆိုင်ရာစံနှုန်း ကျင့်ထုံးတွေနဲ့ကိုက်ညီအောင် ကြိုးစားလုပ်ဆောင်မယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် သူ့ကို အသုံးချမယ်ဆိုရင် အသုံးချခံဖို့ အဆင်သင့်ဖြစ်တဲ့အကြောင်းနဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေဘက်က လိုလားဖို့ လိုကြောင်း ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013